top of page

မိုးညှင်းမြို့ရှိ အချို့ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှုးများမှတစ်ဆင့် လမ်းပေါ်ထွက်သော လူငယ်များအား စစ်မှုထမ်းခေါ်ဆောင်ရန် ညွှန်ကြားထား

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၀ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ဟဲလုံရပ်ကွက်၊ စိမ်းရတနာမွန်ရပ်ကွက်နှင့် ပျော်ဖွယ်ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှုးရုံးမှ ဆင့်ခေါ်စာပေးပို့ခြင်းမဟုတ်ဘဲ၊ လမ်းပေါ်ထွက်သော လူငယ်များကိုသာ စစ်မှုစမ်းခေါ်ယူရန် ယမန်နေ့ မတ်လ၁၉ရက်နေ့တွင် ညွှန်ကြားထားကြောင်း မြို့နေပြည်သူတစ်ဦးက ပြောသည်။


"တစ်ခြားမြို့တွေမှာ စစ်မှုထမ်းစာရင်းချ‌ပေးတဲ့ အုပ်ချုပ်ရေးမှုးတွေကို PDFဖက်က လုပ်ကြံသတ်ဖြတ်တာတွေ သတင်းမှာတွေ့နေရတော့ ဟဲလုံကျေးရွာအုပ်စု၊ စိမ်းရတနာမွန်ရပ်ကွက်နဲ့ ပျော်ဖွယ်ရပ်ကွက်က အုပ်ချုပ်ရေးမှုးတွေက ကြောက်ပြီး မလုပ်ရဲဘူးဖြစ်နေတယ်၊ ဒါကြောင့် လမ်းကလူငယ်တွေကို ပေါ်တာဆွဲဖို့ ညွှန်ကြားနေတာလို့ သိရတယ်"ဟု မိုးညှင်းမြို့ခံတစ်ဦးက ပြောသည်။


လမ်းပေါ်ထွက်သော လူငယ်များအား ပေါ်တာဆွဲယူရန် ညွန်ကြားထားမှုမှာ အချိန်ကန့်သတ် ညွန်ကြားထားခြင်းမဟုတ်သောကြောင့် လူငယ်များအနေဖြင့် သတိနှင့် သွားလာလှုပ်ရှားရမည်ဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် စစ်ကောင်စီမှ ခန့်အပ်ထား‌သော မိုးညှင်းမြို့ရှိ ထန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှုးတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မှ စစ်ကောင်စီထောက်တိုင် မပြုလုပ်ရန် သတိပေးစာပေးပို့ထားသည်ဟု ဆိုသည်။


ထို့ကြောင့် အုပ်ချုပ်ရေးမှုးများမှာ စစ်ကောင်စီ၏ စစ်မှုထမ်းရန် လူငယ်စာရင်းကောက်ခံပေးမှုအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ မလုပ်ဆောင်ရန် သတိပေးမှုကို ကြောက်ရွံ့သောကြောင့် အုပ်ချုပ်ရေးရုံးမှ စာဖြင့် ခေါ်ယူစာရင်းသွင်းသည့် စနစ်ကို မကျင့်သုံးဘဲ လမ်းပေါ်ထွက်သော လူငယ်များကိုသာ ဆွဲယူရန် ညွန်ကြားထားကြောင်း ဖြစ်သည်ဟု ဆိုသည်။


မတ်လ တတိယအပတ်မှစ၍ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့၊ မိုးညှင်းမြို့နယ် အပါအဝင် မြို့နယ်အများအပြားတွင် စစ်တပ်က အုပ်ချုပ်ရေးမှုးများမှတစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်စာပေးပို့ပြီး စတင်စာရင်းကောက်ယူနေကြပြီ ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနသ်ာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာချပေးသော အုပ်ချုပ်ရေးမှုးများအား ပြည်သူ့ကာကွယ်ရေးတပ်မှ မပြုလုပ်ကြရန် သတိပေးစာထုတ်ပြန်ထားပြီး၊ အချို့ဒေသများတွင် အသံချဲ့စက်ဖြင့်ဆော်ဩခြင်း၊ ဆင့်ခေါ်စာချပေးခြင်း စသည့် လုပ်ဆောင်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အပြင်းအထန် သတိပေး လှုံ့ဆောင်ထားကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


2 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page