ပါဂျောင်မီဒီယာ
၄ရက်၊ ဧပြီလ၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_c04652fdb3454f81a1ca1d299795610a~mv2.jpg/v1/fill/w_720,h_720,al_c,q_85,enc_avif,quality_auto/c187ce_c04652fdb3454f81a1ca1d299795610a~mv2.jpg)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင် နန့်ရင်းရွာတွင် ဧပြီလ (၁)ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် နေ့စဉ်ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ လက်နက်ကြီးကျရောက်ပေါက်ကွဲလာမည်ကို စိုးရိမ်ကာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရသိရသည်။
ထိုသို့ နေ့စဉ်လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် မြို့နေပြည်သူများ မကြာခဏဆိုသလို လက်နက်ကြီးကျည်ထိမှန်ကာ ထိခိုက်ဒဏ်ရာရခြင်း နှင့် သေဆုံးခြင်းများဖြစ်ပွားလေ့ရှိသည်။ လွန်ခဲ့သည့် ဧပြီလ (၁)ရက်နေ့တွင်လည်း နံနက် (၅)နာရီအချိန်မှစ၍ နန့်ရင်းချောင်းတစ်ဖက်ကမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး နေ့လည် ၁၂ နာရီဝန်းကျင်တွင်လည်း ရဟတ်ယာဉ်များ ဝဲနေသောကြောင့် နန့်ရင်းရွာရှိဒေသခံပြည်သူများ ရွာထဲတွင်မနေရဲတော့ပဲ တစ်ခြားဘေးလွတ်ရာ နေရာများသို့တိမ်းရှောင်သွားရကြောင်း ဒေသခံများကပြောသည်။
ဒေသခံတစ်ဉီး၏ပြောကြားချက်အရ "တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေရမ်းပစ်တော့ အဲ့ဒီလက်နက်ကြီးကျပေါက်လို့ ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေရှိလာတော့ လက်နက်ကြီးပစ်သံကြားတာနဲ့ အကုန်ထွက်ပြေးတိမ်းရှောင်ကြတော့တာ။ လက်နက်ကြီးကျတဲ့ နေရာက နန့်ရင်းရွာရဲ့ လယ်ယာနဲ့ အခင်းလုပ်တဲ့ ဖက်ပဲ ကျတာဆိုတော့ အခင်းထဲလည်းမသွားကြတော့ဘူး။ ကတုတ်ကျင်းထဲပုန်းတဲ့သူတွေလဲပုန်းတယ်။ ရှောင်စရာနေရာရှိတဲ့သူတွေလဲရှောင်နေကြရတယ်” ဟုပြောသည်။
ထို့ပြင် ယမန်နေ့ မတ်လ (၃)ရက်နေ့တွင် ဟိုပင်တပ်ရင်း (၄၀)မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ရာ စိုက်ခင်းမှပြန်လာသော မိသားစု ၃ ဉီးအနားတွင်ကျရောက်ပေါက်ကွဲကာ ဇနီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူမှာနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။
“တပ်ရင်း ၄၀ က လက်နက်ကြီးထုတာ၊ ပထမတစ်ကြိမ်ထုတော့ စိုက်ခင်းကပြန်လာတဲ့ မိသားစုအနားမှာကျပေါက်ပြီး ယောကျာ်းဖြစ်တဲ့သူ အဲ့နေရာမှာပဲသေသွားတယ်။ ဒုတိယတစ်ကြိမ်ပြန်ထုတော့ လည်းအဲ့နားမှာပဲပြန်လာကျတော့ မိန်းမဖြစ်တဲ့သူ ဒဏ်ရာရသွားတယ်။ သူတို့ရဲ့ (၃) နှစ်အရွယ်ကလေးပဲ ကံကောင်းလို့မထိသွားတာ။ သေသွားတဲ့လူရဲ့အလောင်းကိုလည်း ရွာထဲကလူနှစ်ယောက်သွားကောက်ပေးရတာ။ အလောင်းသွားသယ်တဲ့ အချိန်မှာတောင် လက်နက်ကြီးပြန်ကျလာလို့ အလောင်းကိုပစ်ချပြီး ဝပ်နေရသေးတယ်။ ရွာထဲကရွာသားတွေအကုန်ပြေးကုန်ကျတော့ သေတဲ့သူရဲ့ နာရေးမှာလူတောင်မရှိဘူး” ဟု ဟိုပင်နန့်ရင်းရွာမှ ဒေသခံများ၏ပြောကြားချက်အရသိရသည်။
ဧပြီလဆန်းပိုင်းမှစတင်၍ ဟိုပင် နန့်ရင်းရွာအနီးဝန်းကျင်တွင် နေ့စဉ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ဟိုပင်နန့်ရင်းရှိ ချောင်းကူးတံတားကိုလည်း ဖြတ်သန်းသွားလာ၍မရအောင် စစ်ကောင်စီမှ တံတား အတက် အဆင်း နှစ်ဖက်လုံးအား ဘက်ဖိုးဖြင့်မြေကျင်းတူးထားသောကြောင့် သွားလာရေးအဆင်မပြေနေကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။
သတင်း- ကချင်ပြည်သား
Comments