ပါဂျောင်မီဒီယာ။
၄ရက်၊ဒီဇင်ဘာ၊၂၀၂၄။
မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ တစ်နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်လျှက်ရှိပြီး မှုးယစ်ဆေးစွဲနေသူရှိသည့် မိသားစုများမှာ စားဝတ်နေရေး အကျပ်အတည်းပိုမိုရင်ဆိုင် နေရကြောင်း ဒေသခံများကပြောသည်။
"မူးယစ်ဆေးသုံးတဲ့သူတွေက တစ်စနဲ့တစ်စအရမ်းများလာတယ် ၊အိမ်ရှေ့မှာ မနက်စောစောတံမြက်စည်းလှဲနေချိန်ဆိုရင် ဆေးသမားတွေက ဘောင်းဘီတိုတွေနဲ့ စောစောစီးစီး ဆေးထွက်ရှာကြပြီ ၊သူတို့တွေက ပိန်ညောင်ပြီးအနာတွေဆို ဗလပွနဲ့ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်၊ သူတို့မိသားစု တွေဆိုရင် ထမင်းစားဖို့တောင်အနိုင်နိုင်ပါဆို ဆေးဖိုးကပေးရသေး၊မပေးရင်လဲ အိမ်မှာရှိသမျှပစ္စည်းအကုန်ခိုးရောင်းတာ "လို့ အသက်၃၉နှစ်အရွယ်အမျိုးသမီးတစ်ဦးကပြောသည်။
မူးယစ်ဆေးသုံးစွဲသူများက ပြည်သူ့ဆေးရုံကြီးတွင် မူးယစ်ဆေးအစားထိုး မက်သဒုန်း ကိုအခမဲ့ထုတ်ယူသောက်သုံးနေကြပေမယ့် ပိုက်ဆံရလျှင်ရသလို အခြားမူးယစ်ဆေးဝါးကိုလည်း ဝယ်ယူသုံးစွဲသည့်အတွက် ထူးခြားမှု မရှိကြောင်း မက်သဒုန်းတိုက်ကျွေးဌာနတွင် အလုပ်လုပ်ဖူးသော စေတနာ့ဝန်ထမ်း (Volunteer) တစ်ဦးမှ...
“သူတို့က မက်သဒုန်း ကိုဆေးရုံမှာထုတ်သောက်တယ်၊ပိုကိဆံရှိရင် မူးယစ်ဆေးလဲဝယ်သုံးတယ်၊တချို့ဆိုရင် မက်သဒုန်းကို အပြင်မှာပြန်ရောင်းပြီး မူးယစ်ဆေးပြန်ဝယ်သုံးကြတာ၊ ကိုဗစ်ကာလမှာမက်သဒုန်းကို ပါဆယ်ပေးလိုက် ကတည်းက မက်သဒုန်းဈးကွက်တခုဖြစ်သွားတော့တာဘဲ အဲ့နားမှာ ခဏခဏအလုခံရလို အဖော်မပါဘဲ တယောက်ထဲဆိုရင် ဖြတ်တောင်မဖြတ်သွားရဲဘူး" ဟု အဆိုပါ စေတနာ့ဝန်ထမ်းမှပြောသည်။
မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်သူပေါများပြီး ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပေမယ့် တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူခြင်းမရှိကြောင်းသိရသည်။
ဒေသအတွင်း အုပ်ချူပ်မှု ယန္တယားပျက်ပယ်သည့်နောက်ပိုင်း မူးယစ်ဆေးပြဿနာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာကြောင်း၊ မိသားစုတစ်စုတွင် ယောင်္ကျားဖြစ်သူသည် မိသားစုတာဝန်ယူခြင်းမရှိတော့သည့်အတွက် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများကြား
မိသားစုများ အကျပ်အတည်းပိုမိုများလာကြောင်းမြို့ခံများထံမှသိရသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကို အရေးယူဖမ်းဆီးမှုမရှိသောကြောင့် ကျေးရွာအတွင်းပေါ်ပေါ်ထင်ထင်ရောင်းဝယ်သုံးစွဲနေကြကြောင်းသိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူပေါများလာပြီး မူးယစ်ဆေးသုံးစွဲသူဦးရေတိုးလာကာ နေအိမ်တစ်အိမ်တွင် အမျိုးသား(၅)ဦးရှိပါက ဆေးစွဲနေသူ(၃)ဦးအနည်းဆုံးရှိကြောင်း ဒေသခံများထံမှသိရသည်။
သတင်း -ကချင်ပြည်သား
Opmerkingen