ပါဂျောင်မီဒီယာ။
၁၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ရှမ်းနီပြည်သူ့စစ်က မြို့တွင်းလုံခြုံရေး ပိုမိုတင်းကျပ်လာသည့်အပြင် ဘုရားအနီးတွင် တပ်စွဲနေထိုင်ပြီး စစ်ရေးလှုပ်ရှားမှုတွေပါ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
"ဇန်နဝါရီ ၂၃ရက် နေ့လည်၂နာရီလောက်က ကန်သာယာပတ်ပတ်လည်နားက အိမ်တွေကို လူဦးရေစာရင်းကောက်တာ။ ဗျူဟာမှူး၊ ထွေအုပ်၊ အမြောက်တပ်ရင်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရှမ်းနီတွေ၊ရဲ၊စစ်သား အယောက်(၆၀)လောက်ရှိတယ်။ စစ်ရေးဗျူဟာခင်းဖို့ ပြင်ဆင်နေတဲ့ပုံဘဲ" ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။
ထို့အပြင် ကင်းပုန်းဝပ် ဗျူဟာခင်းရန် မိုးဒါးစုရပ်ကွက်၊ အရှေ့စု(၁)နှင့်(၃)ရှိ အိမ်များတွင် လူဦးရေစာရင်းကောက်ယူပြီး၊ လျောင်းတော်မူဘုရားအနီး ကန်သာယာနားတွင် ကင်းပုန်းဝပ်နေရာယူ နေကြကြောင်းလည်း ထပ်မံသိရသည်။ အဆိုပါ ကင်းပုန်းဝပ်နေရာယူကြသူများမှာ တပ်ပေါင်းစုမှ လူဦးရေ(၆၀)နီးပါးဖြင့် လှုပ်ရှားနေခြင်းဖြစ်သည်။
ရှမ်းနီပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ မိုးညှင်းမို့အတွင်း ပြီးခဲ့သည့် ဇန္နဝါရီလကတည်းက စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ လုပ်ဆောင်နေပြီး၊ တပ်စွဲနေထိုင်ခြင်း၊ လူဦးရေးစာရင်းကောက်ယူခြင်း၊ မြို့တွင်း သွားလာလှုပ်ရှားခြင်းနှင့် စစ်မေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များမှာ ည၇နာရီနောက်ပိုင်း လမ်းမပေါ်တွင် စိတ်ရှိသလို သေနတ်ဖြင့် ပစ်ဖောက်ဆဲဆိုခြင်းများ လုပ်ဆောင်နေခြင်းကြောင့်လည်း ရှမ်းနီပြည်သူ့စစ်များ မကြာခဏသွားလာနေထိုင်တတ်သည့် အနီးဝန်းကျင်မှ ဒေသခံပြည်သူအချို့မှာ ကြောက်လန့်စိုးရိမ်ကာ နေရာရွှေ့ပြောင်းရန် ပြင်ဆင်နေကြကြောင်းသိရသည်။
သတင်း - ကချင်ပြည်သား
Commentaires