ပါဂျောင်မီီဒီယာ။
၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်ကို ယနေ့ဖေဖော်ဝါရီလ ၅ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း နစ်နာသူမိန်းကလေးငယ်နှင့် နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။
"စပြီးအမှုဖွင့်တုန်းက တရားသူကြီးက ၆လနဲ့အပြီးစစ်မယ်လို့ပြောတယ်။ ဒါပေမယ့် တစ်နှစ်နီးပါးကြာသွားတယ်၊ ရုံးချိန်းက တစ်ပတ်တကြိမ်ချိန်းပြီး အမှုကိုအပတ်တိုင်း ရုံးထုတ်စစ်ဆေးတယ်၊ တရားခံက ၃ယောက်ဖြစ်တဲ့အတွက် မိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေအရ တပြိုင်ထဲစစ်ဖို့ အဆင်မပြေတာကြောင့် တရားခံတွေကို တစ်ယောက်ချင်းခွဲစစ်ရတယ်၊ နှစ်နာတဲ့မိန်းကလေးရဲ့ ကျန်းမာရေးအခြအနေအရ ရုံးချိန်းပြီးမှ မစစ်လိုက်ရတာလဲရှိတယ်၊ ကလေးမိဘတွေကလဲ ရုံးချိန်းတက်ရတာ အချိန်ကြာလာတော့ မြန်မြန်အမိန့်ချစေချင်လှပြီ။"ဟု ပြောသည်။
လက်ရှိအချိန်အထိ မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားသုံးဦးအား မိုးညှင်းမြို့ ခရိုင်တရားရုံးတွင် ပုဒ်မ(၃၇၆) မုဒိမ်းမှုဖြင့် တရားစွဲဆိုထားပြီး၊ တရားခံများအား အားပေးကူညီသူများကိုလည်း အားပေးကူညီမှုဖြင့် မိုးညှင်းအကျဉ်းထောင်တွင် ချုပ်နှောင်ထားကာ၊ တစ်ပတ်တစ်ကြိမ် ရုံးထုတ်စစ်ဆေးနေရာ ယနေ့ ဖေဖော်ဝါရီ ၅ရက်နေ့ ညနေနှစ်နာရီအချိန်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခံရသည့် နစ်နာသူမိန်းကလေးငယ်မှာ အသက်မပြည့်သေးသည့်အပြင် ဦးနှောက်ညဏ်ရည်မမှီသူဖြစ်သောကြောင့် နောက်နောင် မိန်းကလေးငယ်များ ယခုလိုဖြစ်ရပ်မျိုး မကြုံရအောင် စံပြအနေဖြင့် ကျူးလွန်သူတရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ် ကျခံစေချင်သည်ဟု နစ်နာသူမိန်းကလေးငယ်၏ မိဘများက လိုလားသည်။
အဆိုပါ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်ကိုသိရှိပြီးနောက် ဇွန်လ၂၆ရက်နေ့တွင် မိုးညှင်းရဲစခန်းသို့ တိုင်တန်းခဲ့ရာ ညနေပိုင်းအချိန်တွင် ကျူးလွန်သူ တရားခံသုံးဦးအား ဖမ်းဆီးကာ မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
ကျူးလွန်ခံရသူမှာ အဓမ္မပြုကျင့်ခံရချိန်တွင် အသက်၁၅နှစ်အရွယ်သာရှိသေးပြီး၊ အတက်ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာချို့တဲ့သူဖြစ်သည့်အပြင် လေဖြတ်နေသည့် အသက်(၇၀)ကျော်အဖွားအိုကို ပြုစုစောင့်ရှောင်ပေးနေသူလည်း ဖြစ်ကြောင်း သိရသည်။
အဖွားအတွက် မုန့်ဝယ်ပေးချိန် ကုန်စုံဆိုင်ဖွင့်ထားသည့် ဦးဘိုရဲမှ သူ၏ဈေးဆိုင်ခန်းအတွင်း ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် မီးရထားဘူတာတိုက်တန်းတွင် မျက်မှန်ဆိုင်ဖွင့်ထားသူ ဦးမိုးလှဌေးမှလည်း မျက်မှန်ပေးမည်ဟုပြောကာ အခန်းတွင်းသို့ခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ နောက်ထပ် ဟော့ဒေါ့ဆိုင်ဖွင့်ထားသူ ဦးကျော်မိုးလွင်မှလည်း ဟော့ဒေါ့ကျွေးမည်ဟုပြောကာ ဟော့ဒေါ့ဆိုင်ခန်းတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
အပြစ်ကျူးလွန်သူများမှာ အိမ်ထောင်ရှိပြီး အသက်၄၀မှ ၆၀ကျော် အမျိုးသားသုံးဦးဖြစ်ကာ၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့သူ အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား တန်ဖိုးနည်းပစ္စည်းများနှင့် မုန့်ဖိုးတစ်ထောင်မှနှစ်ထောင်သာ ပေးချော့ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နစ်နာသူမိန်းကလေးငယ်၏ မိသားစုများမှာ ယနေ့ညနေ ၂နာရီအချိန် အပြီးသတ်အမိန့်ချမည့် စီရင်ချက်တွင် မိန်းကလေးငယ်ဘက်မှ အားလုံးဝန်းရံပေးကြရန် လိုလားကြပြီး၊ ပါဂျောင်မီဒီယာမှလည်း နောက်ဆက်တွဲ တရားစီရင်ချက်အား ဆက်လက်စုံစမ်း တင်ပြပေးပါမည်။
သတင်း - ကချင်ပြည်သား
Comments