ပါဂျောင်မီဒီယာ
၂၄ရက်၊မတ်လ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ကချင်လုံချည် ဝတ်ဆင်ထားသည့် ခရီးသွားပြည်သူများကို ရှမ်းနီ ပြည်သူ့စစ် ဂိတ်များတွင် ရိုက်နှက်ခြင်း၊ ထိုင်ထအခါတစ်ရာ လုပ်ခိုင်းခြင်း စသည့် လုပ်ဆောင်မှုများဖြင့် ပြုလုပ်နေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
"အင်းတော်ကြီးဖက်ကို ဆိုင်ကယ်နဲ့ ခရီးသွားတာ၊ ကချင်ပုဆိုးလဲဝတ်ထားတယ်၊ ရှမ်းနီပြည်သူ့စစ်နဲ့ လမ်းမှာတွေ့တော့ ဆိုင်ကယ်ကိုလှမ်းတားပြီး မင်းဘာလူမျိုးလဲလို့မေးတယ်၊ ရှမ်းနီလူမျိုးပါလို့ပြောတော့၊ မင်းကရှမ်းနီဖြစ်ပြီး ကချင်ပုဆိုးဝတ်ရကောင်းလားဆိုပြီး ရိုက်လွတ်လိုက်တယ်"ဟု အရိုက်ခံရသူ လူငယ်မှ ပြောသည်။
အလားတူ မိုးညှင်းမှ မြစ်ကြီးနားသို့ ခရီးသွားသည့် ကချင်ဝမ်းဆက် ဝတ်ဆင်ထားသူ အမျိုးသမီးတစ်ဦးမှလည်း ရှမ်းနီပြည်သူ့စစ်များက ထိုင်ထအခါတစ်ရာ လုပ်ခိုင်းခဲ့ကြောင်း ထပ်မံပြောဆိုသည်။
"သူငယ်ချင်းက အလှူပွဲသွားမှာမို့ ကချင်ဝမ်းဆက်ဝတ်ထားတာ၊ ရှမ်းနီပြည်သူ့စစ်တွေနဲ့ တွေ့တော့ ကချင်ဝမ်းဆက် ဝတ်ထားလို့ဆိုပြီး ထိုင်ထ အခါတစ်ရာလုပ်ခိုင်းတာ၊ ကျမဆိုရင် အခါတစ်ရာမပြောနဲ့ အခါသုံးဆယ်တောင်မလုပ်နိုင်ဘူး၊ ဒူးနာတာနဲ့သေပြီ၊ သူငယ်ချင်းလဲ ရိုက်မှာစိုးလို့ ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတာ"ဟု ထိုင်ထလုပ်ခဲ့ရသူ အမျိုးသမီး၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
မိုးညှင်းမြို့တွင် မတ်လဆန်းပိုင်းမှစ၍ ရှမ်းနီပြည်သူ့စစ်များက ကချင်လုံချည်၊ ကချင်ဝမ်းဆက် ဝတ်ဆင်ကာ ခရီးသွားသည့် ပြည်သူများကို ရိုက်နှက်ခြင်း၊ ထိုင်ထ အခါတစ်ရာ လုပ်ခိုင်းခြင်းမျိုးကို လုပ်ဆောင်လာသည့်အပြင် ထိုင်ထလုပ်ခံရသည့် အမျိုးသမီးများကိုလည်း လှောင်ပြောင်ရယ်မောသည့် အပြုအမူမျိုး လုပ်ဆောင်သည်ဟု ဒေသခံအမျိုးသမီးများက ပြောသည်။
သို့သော် ရှမ်းနီပြည်သူ့စစ်များသည် ယင်းလုပ်ဆောင်ချက်များကို ရှမ်းနီလူမျိုးစုများကိုသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထပ်မံသိရသည်။
လက်ရှိတွင် ရှမ်းနီပြည်သူ့စစ်များမှာ ဟိုပင်မြို့မှ ငါးမိုင်ပြည်သူ့စစ်ဂိတ်၊ အင်းတော်ကြီးဒေသမှ နန့်မွန်းပြည်သူ့စစ်ဂိတ်နှင့် မိုးကောင်းမြို့နယ်မှ ကုန်းတန်းကြီးဂိတ်များတွင် ရွှေ့ပြောင်းစခန်းချနေထိုင်ကာ စစ်ဆေးမေးမြန်းခြင်း၊ ဂိတ်ကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား
Comments