top of page

မိုးညှင်းဒေသတွင် ရှမ်းနီပြည်သူ့စစ်က နှစ်ရက်ဆက်တိုက် စုဆောင်းရေးဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • Apr 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ဧပြီလ၊၂၀၂၅။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့မှ နှစ်ရက်ဆက်တိုက် စစ်သားစုဆောင်းရေးအပြင်းအထန်လုပ်ဆောင်နေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


ဧပြီ၃ရက်နေ့ ည၈နာရီခွဲအချိန်တွင် ကန်တော်ကုန်းရပ်ကွက်ရှိ ဘောစိလက်ဖက်ရည်ဆိုင်နှင့် တော်ဝင်ဘိလိယက်ခုံတွင်း ဝိုင်ဖိုင်အသုံးပြုနေသည့် လူငယ်(၁၀)ဦးကျော်အား ပြည်သူ့စစ်မှ စုဆောင်းရေးဆွဲသွားသည်ဟု ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောသည်။


ဘောစိလက်ဖက်ရည်ဆိုင်အတွင်း ဝိုင်ဖိုင်အသုံးပြုနေသည့် လူငယ်အုပ်စုကို ရှမ်းနီပြည်သူ့စစ်က ကားနှစ်စီးဖြင့် ရောက်လာကာ ရုတ်တရက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ ထွက်ပြေးသူများကိုတော့ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူထိခိုက်ခြင်းမရှိခဲ့ကြောင်း သိရသည်။


ထို့အပြင် ဧပြီ(၂)ရက်နေ့ နေ့လည်(၃)နာရီခွဲအချိန်တွင်လည်း ကန်တော်ကုန်းရပ်ကွက်ရှိ ငွေပင်လယ်ဖူဆယ်ကွင်းအတွင်း ဘောလုံးကန်နေသည့် အသက်(၂၀)အရွယ် လူငယ်(၁၁)ဦးကိုပါ ရှမ်းနီပြည်သူ့စစ်က စုဆောင်းရေးဆွဲသွားကြောင်း ထပ်မံသိရသည်။


ဖမ်းဆီးခံလိုက်ရသည့် လူငယ်(၁၁)ဦးမှာ ထိုင်ဝမ်ကို ကျောင်းတက်သွားရန်အတွက် (စိမ်းလဲ့ရည်) တရုတ်စာသင်တန်းကျောင်းတွင် တက်ရောက်နေသည့် လူငယ်များဖြစ်ပြီး၊ အများစုမှာ အင်းတော်ကြီးဒေသမှ စစ်ရှောင်လာသည့် ကျောင်းသားများဖြစ်သည်ဟု ဆိုသည်။


မိုးညှင်းမြို့တွင် စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ်နှင့် မည်သည့်လက်အောက်ခံမှ မဟုတ်သည့် ရှမ်းနီပြည်သူ့စစ်ဟူ၍ အဖွဲ့နှစ်ဖွဲ့ကွဲနေသည့်အပြင် လက်ရှိ စုဆောင်းရေးဆွဲနေသည့် ရှမ်းနီပြည်သူ့စစ်အဖွဲ့မှာ မည်သည့်လက်အောက်ခံက ပြည်သူ့စစ်အဖွဲ့မှန်း မသိရကြောင်း မိုးညှင်းမြို့ခံများမှ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page