မိုးညှင်းတွင် အသက်၁၆နှစ်အရွယ် မိန်းကလေးကို အမျိုးသားသုံးဦး အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အမှု အပြီးသတ်အမိန့်ချ
- Pajau Media
- Apr 9
- 1 min read
ပါဂျောင်မီဒီယာ။
၉ရက်၊ဧပြီလ၊၂၀၂၅။

ကချင်ပြည်နယ်၊မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် စိတ်ကျန်းမာရေးချို့တဲ့ပြီး အသက်မပြည့်သေးသော မိန်းကလေးအား မုဒိန်းမှုကျူးလွန်ခဲ့သူ တရားခံများကို ယမန်နေ့ ဧပြီလ၈ရက် နေ့လည်၃နာရီအချိန်တွင် မိုးညှင်းခရိုင်တရားသူကြီးမှ မိုးညှင်းဆယ်မိုင်အကျဉ်းထောင်၌ အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မုဒိန်းမှုကျူးလွန်ခဲ့သူ ဦးမိုးလှဌေး၊ ဦးကျော်မိုးလွင်၊ ဘိုရဲတို့ကို အလုပ်နှင့်ထောင်ဒဏ် အနှစ်(၂၀)စီချမှတ်ခဲ့ပြီး၊ မုဒိန်းမှုကျူးလွန်ရာတွင် အားပေးကူညီသူ ဦးဇော်မြင့်ထွေးကိုလည်း အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခဲ့သည်ဟု ဆိုသည်။
မုဒိန်းမှုကျူးလွန်ပြီး တစ်လအကြာမှ အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစစ်ဆေးချိန် မိုးညှင်းခရိုင်တရားသူကြီးက ခြောက်လအတွင်း အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယမန်နေ့ ဧပြီလ၈ရက်နေ့ ၅ကြိမ်မြောက် ရုံးချိန်းပြီးနောက်မှ အပြီးသတ်အမိန့်ချမှတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ကျူးလွန်ခံရသည့် နစ်နာသူမိသားစုအသိုင်းအဝိုင်းမှာ သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သည့် တရားခံများကို ယခုကဲ့သို့ ထိုက်တန်သည့် အမိန့်ချမှတ်မှသာ နောက်ထပ်မုဒိန်းမှု ကျူးလွန်ခြင်းမရှိအောင် စံပြအနေဖြင့် အမိန့်ချမှတ်စေလိုခဲ့သည်ဟု ဆိုသည်။
အတက်ရောဂါရှိသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အုတ်ကျင်းရပ်ကွက် မီးရထားဘူတာတိုက်တန်းတွင် ဈေးဆိုင်များဖွင့်လှစ်ထားသည့် တစ်ရပ်ကွက်တည်းနေ အမျိုးသားသုံးဦးမှ မုန့်နှင့် ပိုက်ဆံများပေးကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မိသားစုဝင်များက သိရှိခဲ့ပြီးနောက် မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
သတင်း - ကချင်ပြည်သား
Comments