top of page

မိုးညှင်းတွင် ရှမ်းနီဒေသ တရားစီရင်‌ရေးအဖွဲ့မှ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် ပရဟိတခေါင်းဆောင်များအား ချိန်းခြောက်သည့် စာတစ်စောင်ထုတ်ပြန်ထား

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၆ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ရှမ်းနီဒေသတရားစီရင်ရေးအဖွဲ့မှ ကချင်ဘာသာရေးခေါင်းဆောင်များနှင့် ပရဟိတခေါင်းဆောင်များအား ချိန်းခြောက်သည့် စာတစ်စောင်ကို ဧပြီလ ၅ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း ဒေသခံ လူငယ်များထံမှ သိရသည်။


ယင်းထုတ်ပြန်စာထဲတွင် "KIA/KPDF များနှင့် ဆက်သွယ်ပြီး လုပ်ကိုင်လျက် နေထိုင်ကြသော အောင်သပြေရပ်ကွက် (၂) မှ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဦးဆိုင်းအောင်၊ ဦးနော်ဂျာ၊ ဘီလူးမြို့မှ ဦးနော်တောင်နှင့် မိုးညှင်းမြို့မှ ဦးဇော်မိုင်တို့ကို နောက်ဆုံးသတိပေးလိုက်ခြင်း ဖြစ်သည်။ သင်တို့ ၄ဦးတို့သည် အကြမ်းဖက်သောင်းကျန်းသူ KIA/KPDFများနှင့် ဆက်သွယ်ပတ်သက်ကာ ရှမ်းနီလူမျိုး အရပ်သားပြည်သူများနှင့် စာပေယဉ်ကျေးမှု အရပ်ဖက်အဖွဲ့အစည်းများအား ထပ်မံ၍ ခြိမ်းခြောက်သတ်ဖြတ်ခြင်းများ ကြူးလွန်ရန် ကြံဆောင်နေပါက သင်တို့ ၄ဦးနှင့် မိသားစုဝင်များ တစ်ဦးမကျန် ရှင်းလင်းသတ်ဖြတ်ခံရမည်ဖြစ်ကြောင်း အထူးသတိပေးလိုက်သည်။" ဟု ရေးသားထားကြောင်း သိရသည်။


 မိုးညှင်းဒေသခံများပြောကြားချက်အရ ထုတ်ပြန်စာတွင်ပါသော ၄ဦးတို့သည် မိုးညှင်းမြို့အတွက် ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများကိုသာ အလေးထားလုပ်ဆောင်နေပြီး နိုင်ငံရေးကင်းရှင်းသူများ ဖြစ်သည်ဟု ဆိုသည်။


 ၎င်းထုတ်ပြန်စာနှင့် ပတ်သတ်၍ ရှမ်းနီတိုင်းရင်းသားတစ်ဦး၏ ပြောဆိုချက်မှာ "ကိုဇော်မိုင်က နိုင်ငံရေးကင်းရှင်းပြီး မြို့ရဲ့ဖွံ့ဖြိုးရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့သူဗျ။ သူက မြို့ရဲ့ပရဟိတ အဖွဲ့အစည်းအတွက် အများကြီးအားကိုးရတယ်။ အခုတောင် နာရေးကူညီမှုအသင်းတစ်ခု တည်ထောင်ဖို့ ဦးဆောင်နေပြီး ရေခဲခေါင်းတင်ဖို့ကားဝယ်ဖို့တောင် သူက မတည်ငွေတွေ ထည့်ထားတယ်။ ကိုဇော်မိုင်အပေါ်မှာ ခုလိုအထင်မြင်လွဲမှားပြီး စာထုတ်ပြန်တဲ့အတွက်ကျွန်တော် ရှမ်းနီတိုင်းရင်းသားတစ်ယောက်အနေနဲ့ အများကြီးစိတ်မကောင်းဖြစ်တယ် "ဟု ပြောသည်။


ရှမ်းနီနှင့် ကချင်လူမျိုးများအကြား စိတ်ဝမ်းကွဲမှုဖြစ်အောင် တမင်လုပ်ဆောင်နေတယ်ဆိုပြီး အခြားမြို့ခံတစ်ဦးမှလဲ ယခုလိုပြောပါသည်။


"မိုးညှင်းက အရင်က ရာဇဝင်ရှိခဲ့တယ်ဗျ။ ၁၉၇၆ခုနှစ်ကပေါ့ ရှမ်းနီနဲ့ ကချင်လူမျိုးတွေ အချင်းချင်းသတ်ဖြတ်ကြတာ။ အဲ့တုန်းက စစ်အစိုးရ‌က အဲ့လိုဖြစ်အောင် တမင်ဖန်တီးခဲ့တာ ။ အခုလဲ အဲ့လိုဖြစ်ရပ်မျိုးဖြစ်အောင် တမင်ဖန်တီးနေတယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်မိတယ်။"


ရှမ်းနီနှင့်ကချင်လူမျိုးများအကြား သွေးကွဲမှုဖြစ်စေရန် လုပ်ဆောင်ချက်မှာ ယခင်ကတည်း ရှိခဲ့ပြီး ယခုလို စာထုတ်ပြန်သည့် လုပ်ဆောင်ချက်များလည်း ရှိခဲ့ဖူးကြောင်း မိုးညှင်းမြို့ခံ ရပ်မိရပ်ဖများက ပြောသည်။


သတင်း - ကချင်ပြည်သား



4 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page