ပါဂျောင်မီဒီယာ
၁၂ရက်၊ ဇူလိုင်လ၊ ၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_a7d8d5749f7146e4a60a920229dd02b2~mv2.jpg/v1/fill/w_650,h_366,al_c,q_80,enc_auto/c187ce_a7d8d5749f7146e4a60a920229dd02b2~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ မြောက်ဘက်(၂၈)မိုင်အကွာတွင် တည်ရှိသော မလိဇွပ်ဒေသရှိ မလိယာန်စံပြကျေးရွာနှင့် ခန်းဘူကျေးရွာမှ ရေဘေးသင့်ဒေသခံများမှာ ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေကြောင်း သိရသည်။
ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော မြစ်ရေကြီးရေလျှံမှုကြောင့် မလိယာန်ကျေးရွာရှိ အိမ်ခြေ (၄၀) ဝန်းကျင်မှာ ရေကြီးရေလျှံမှု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး၊ ခန်းဘူကျေးရွာမှာ တစ်ရွာလုံးနီးပါး ရေနှစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
“အိမ်ခြေ (၄၀) လောက်ဖြစ်မယ် ထင်တယ်။ တစ်အိမ်လုံးရေမြုပ်သွားတာ။ အဲထဲမှာ ၂အိမ် ၃အိမ်လောက်က အုတ်ခုံကအစ ကျိုးသွားတာ။ အခုသူတို့က နေစရာမရှိဘူး ဖြစ်နေတယ်။ တစ်ခြားအိမ်တွေကတော့ ရေမြုပ်သွားပေမယ့် သန့်ရှင်းရေးလုပ်ပြီး ပြန်နေလို့တော့ ရသေးတယ်ပေါ့။ ဒါပေမယ့် ဝက်ခြံ၊ နွားခြံတွေ၊ အိမ်သာနှင့် ခြံအုတ်ခုံတွေတော့ အကုန်မျောသွားတယ်။ တစ်ချိုု့နွားကောင်တွေလည်း ရေထဲမျောသွားတာ ရှိတယ်။” ဟု မလိယာန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ထို့အပြင် မလိယာန်ကျေးရွာ၏ အထက်ပိုင်းတွင် တည်ရှိသော ခန်းဘူကျေးရွာမှာလည်း တစ်ရွာလုံးနီးပါး ရေမြုပ်သွားခဲ့ပြီး ရေဘေးဒဏ်ကို အလူးအလဲကြုံတွေ့ခဲ့ရသည့်အပြင်၊ ယင်းကျေးရွာမှာ မြစ်ကြီးနားမြို့အစွန်ဆုံးနေရာတွင် တည်ရှိပြီး၊ အိမ်ခြေ တစ်ရာကျော်မှီတင်းနေထိုင်သော ကျေးရွာတစ်ရွာလည်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရွာရဲ့ အထက်ပိုင်းမှာရှိတဲ့ ခန်းဘူကျေးရွာမှာက ပိုပြီးရေဘေးရောက်တာဟုတ်တယ်။ သူတို့က တစ်ရွာလုံးနီးပါး ရေနှစ်မြုပ်သွားတာ။ ရေပြန်ကျသွားတော့ ပျက်စီးဆုံးရှုံးတာတွေ အရမ်းများတယ်။ တစ်ရွာလုံးနီးပါးဆိုတော့ အိမ်တိုင်းလိုလို ဒုက္ခကြုံနေရတာပေါ့။” ဟု အထက်ပါ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
မလိယာန်ကျေးးရွာမှ အိမ်ခြေ ၂ လုံးထက်မနည်းက တစ်အိမ်လုံး ကျိုးပဲ့သွားခဲ့ပြီး၊ ယင်းကျိုးပဲ့သွားခဲ့သည့် အိမ်ခြေများမှ ဒေသခံတွေက နီးစပ်ရာဆွေမျိုးအိမ်နှင့် ကျေးရွာအတွင်းရှိ ရိုးရာယဉ်ကျေးမှုရုံးတွင် ယာယီနေထိုင်နေကြသည်ဟု ပြောသည်။
မလိယာန်စံပြကျေးရွာသည် မြစ်ဆုံ(တန်ဖရဲ) အနီးတွင် တည်ရှိသည့် အိမ်ခြေစုစုပေါင်း (၁၄၀) ဝန်းကျင်မှ ဒေသခံများ စုပေါင်းနေထိုင်သော ရွာငယ်လေးတစ်ရွာဖြစ်ပြီး၊ မြစ်ဆုံစီမံကိန်းကြောင့် ၂၀၁၀ခုနှစ်တွင် ဒေါင်ပန်၊ အောင်ဂျာယာန်စသည့်ဒေသမှ မလိယာန်ကျေးရွာသို့ အစိုးရကနေ ပြောင်းရွှေ့ခံထားရသည့် ကျေးရွာလည်း ဖြစ်သည်။
Commentaires