ပါဂျောင်မီဒီယာ
၁၄၊ ၈၊ ၂၀၂၄။
![](https://static.wixstatic.com/media/c187ce_5ed4ef0a9bf7484d9fc9a5370eeeede3~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_5ed4ef0a9bf7484d9fc9a5370eeeede3~mv2.jpg)
ဆွမ့်ပရာဘွမ်မြို့နယ်၊ တီယာန်ဇွပ်ကျေးရွာတွင်အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)မှ ဩဂုတ်လဆန်းပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြစ်ဆုံ(တန်ဖရဲ)ကျေးရွာမှ အင်ဆွပ်ကျေးရွာအကြားရှိ လမ်းပိုင်းနေရာများတွင် အလံဖြူထောင်အညံ့ခံသည့် စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေကြသည့်အတွက် ပြည်သူများ ခရီးသွားလာရန် စိုးရိမ်နေကြရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
မြစ်ကြီးနားမှ ဆွမ့်ပရာဘွမ်ဒေသသို့ ဘာသာရေးအလုပ်အရ ခရီးသွားလာရန် ပြင်ဆင်နေသော ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးလည်း လမ်းပိုင်းနေရာများတွင် တိုက်ပွဲအတွင်းမှ စစ်သုံ့ပန်းတပ်သားများ ထွက်ပြေးတိမ်းရှောင်ကာ ခိုအောင်းနေကြသောကြောင့် ခရီးသွားလာရန် စိုးရိမ်နေပြီး၊ အခြေအနေကို စောင့်ကြည့်နေကြောင်း ယခုကဲ့သို့ ပြောသည်။
“ဆွမ့်ပရာဘွမ်ကို ခရီးသွားလာဖို့ မေးမြန်းကြည့်တော့ စစ်သုံ့ပန်းတပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်ဆိုလို့ တစ်ယောက်ထဲဆိုတော့ မသွားရဲဘူး။ နှစ်ရက်သုံးရက်လောက် အခြေအနေကို စောင့်ကြည့်ပြီးမှ သွားရမယ်။”
ဒေသခံများပြောဆိုချက်အရ တိုက်ပွဲအတွင်းမှ စစ်သုံ့ပန်းတပ်သား(၄၀)ဝန်းကျင်လောက်သည် မြစ်ဆုံ(တန်ဖရဲ)ကျေးရွာမှ အင်ဆွပ်ကျေးရွာအကြားရှိ လမ်းပိုင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်ကာ ခိုအောင်းနေကြသည့်အပြင် ရံဖန်ရံခါ လမ်းမပေါ်ထွက်လာတတ်သည်ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တန်ဖရဲမှ တယာန်ဇွပ်သွား ကားလမ်းအပြင် ရေလမ်းကိုပါ စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်ပေမယ့် ဆိုင်ကယ်ဖြင့် သွားလာသည့် ခရီးသွားများကို အကြိမ်ကြိမ်စစ်ဆေးမေးမြန်းကာ ဖြတ်သန်းခွင့်ပြုထားသည်။
သို့ပေမယ့် ဒေသခံများမှာ အထက်ပါသတင်းစကားကြောင့် တန်ဖရဲမှ ဆွမ်ပရာဘွမ့်ဒေသသို့ ခရီးသွားလာရန် စိုးရိမ်ပူပန်နေကြရခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
Comments