ပါဂျောင်မီဒီယာ
၁၉ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_c183f6cd249c4588a986c96ad0109ffe~mv2.jpg/v1/fill/w_980,h_653,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/c187ce_c183f6cd249c4588a986c96ad0109ffe~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ယမန်နေ့ ဧပြီလ ၁၈ရက်နေ့၌ အကျဉ်းထောင်သားများ ထောင်တွင်းဆူပူဆန္ဒပြမှု ဖြစ်ပွားကာ ထောင်အာဏာပိုင်များမှ ပစ်ခတ်နှိမ်နှင်းသောကြောင့် ထောင်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သော်လည်း ထွက်ခွင့်မပေးသောကြောင့် တရားမျှတမှုမရှိဘူးဟုဆိုကာ မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ထောင်အာဏာပိုင်များမှ ပစ်ခတ်နှိမ်နှင်းသောကြောင့် ထောင်သားများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားထောင်အနီး နေထိုင်သူတစ်ဦးက “ထောင်သားတွေက ဒို့အရေး၊ ဒို့အရေးလို့ အော်နေကြတာ၊ အဲ့ချိန် ထောင်စောင့်နဲ့ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး အခြေအနေကို ထိန်းချုပ်လိုက်တာ ထင်တယ်။” ဟု ပြောသည်။
နောက်ထပ်ပြည်သူတစ်ဦးမှလည်း “ကျနော် ညနေပိုင်းက ဖြတ်သွားတဲ့အချိန်မှာတော့ အခြေအနေအားလုံး ငြိမ်ကျသွားတဲ့အချိန်ဖြစ်မယ်ထင်တယ်။ ထောင်သား ၄/၅ယောက်လောက်ကို မျက်နှာကို ပိတ်စနဲ့ အုပ်ထားပြီး ထိုင်ခိုင်းထားတာကို တွေ့လိုက်တယ်။ သူတို့ကို မေးမြန်းစစ်ဆေးနေတာ။” ဟု ထပ်မံပြောပြသည်။
သေဆုံးသူထောင်သားများနှင့် ထိခိုက်ဒဏ်ရာရသူများကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ထောင်ကားသုံးစီးဖြင့် ခေါ်ဆောင်သွားကြပြီး၊ ဆေးရုံအတွင်းလည်း လုံခြုံရေးအပြည့် ယူထားကြောင်း သိရသည်။
ဧပြီလ ၁၇ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား ၄၂ဦးအား ပြန်လွတ်ပေးခဲ့ကြောင်း RFA သတင်း ဖော်ပြချက်အရ သိရသည်။
မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင်ဖြင့် လွတ်မြောက်လာသူထဲတွင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်လည်း ပါဝင်ခဲ့ပြီး၊ ပြန်လွတ်လာသည့် ဧပြီလ ၁၇ရက်နေ့ ည၁၀နာရီဝန်းကျင်အချိန်မှာပင် စစ်ကောင်စီမှ ပြန်လည် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
Comments