top of page

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ပေါ်ရှိ ရေလယ်ကျွန်းပေါ်တွင် ရွှေကျင်ရွှေဝိုင်းသူ အလွန်များပြားလာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၉၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ဘက်ခြမ်းမှ စီတာပူရပ်ကွက်နှင့် ဝိုင်းမော်မြို့ဘက်ခြမ်းရှိ မိုင်းနားရပ်ကွက်အကြား ဧရာဝတီမြစ်ပေါ်ရှိ ရေလယ်ကျွန်းပေါ်တွင် ဩဂုတ်လဆန်းပိုင်းမှစ၍ ရွှေအလွန်အကျွံတူးဖော်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ယင်းနေရာတွင် ယခုနှစ် မြစ်ရေကြီးရေလျှံမှု ဖြစ်ပွားပြီးချိန်မှစပြီး စတင်တူးဖော်လာကြပေမယ့် အာဏာရစစ်ကောင်စီမှ ရွှေမတူးဖော်ရေး ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ရွှေတူးဖော်သူများ မရှိသလောက်ရှားပါးခဲ့ပေမယ့် ဩဂုတ်လဆန်းပိုင်းတွင် ဒုတိယအကြိမ် တစ်ဖန်ပြန်လည် တူးဖော်သူ များပြားလာသည်ဟု ဆိုသည်။


ဒေသခံများ ပြောဆိုချက်အရ စစ်ကောင်စီမှ စစ်ဆေးဖမ်းဆီးချိန်တွင် ရွှေတူးဖော်ကြသည့် အရေအတွက်မှာ အနည်းငယ်သာ ရှိခဲ့ပေမယ့်၊ ယခုတစ်ခါ ပြန်လည်တူးဖော်လာချိန်တွင် ယခင်ကထက် ပိုမိုများပြားကာ တူးဖော်လာကြသည်ဟု ပြောသည်။ ထို့အပြင် လက်ရှိရွှေဈေးနှုန်းမြင့်တက်မှုကြောင့်လည်း ရွှေတစ်ရွေးကို သုံးသောင်းကျော်အထိ ရရှိနေပြီး၊ တစ်နေ့တာစားနပ်ရိက္ခာအတွက် ဖူလုံစေခြင်းကြောင့် ပိုမိုတူးဖော်လာကြခြင်း ဖြစ်ကြောင်း သိရသည်။


ယင်းရေလယ်ကျွန်းပေါ်တွင် နေ့စဉ်နေ့တိုင်း ရွှေကျင်ရွှေဝိုင်းနေသည့် ရွှေလုပ်သားမှာ လူဦးရေ ၆၀ နီးပါးအထိ ရှိနေပြီး၊ စက်ယန္ဒယားကြီးများဖြင့်မဟုတ်ဘဲ ရေစုပ်စက်ငယ်နှင့်လက်ဖြင့်သာ ရွှေတူးဖော်နေကြခြင်းဖြစ်သည်။


ကချင်ပြည်နယ်တွင် တိုင်းပြည်အာဏာသိမ်းခံရပြီး ၂၀၂၁ခုနှစ်မှစ၍ နေရာဒေသအနှံ့ စက်ယန္ဒားကြီးများဖြင့် ရွှေတူးဖော်မှုနှုန်းမှာ တစ်ဟုန်ထိုး တို့မြင့်လာခဲ့ပြီး၊ မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်ကြောတစ်လျှောက်တွင်လည်း ရွှေတူးဖော်သည့် စက်ယန္ဒယားကြီး အများအပြားရှိခဲ့သဖြင့် ဧရာဝတီမြစ်ရေတိမ်ကောလာခြင်း၊ ရေနှောက်ကာ လက်ဖက်ရည်အရောင်ပြောင်းလာခြင်း၊ ရေလမ်းကြောင်းပြောင်းလဲလာခြင်း စသည့်ဆိုးကျိုးများကို စတင်ခံစားလာကြရသည်။


ထို့ကြောင့် လက်ရှိတူးဖော်နေသည့် ရေလယ်ကျွန်းပေါ်တွင် လက်ဖြင့်သာ ရွှေကျင်ရွှေဝိုင်းနေသော်လည်း လုပ်ငန်းရှင်ကြီးများကစက်ယန္ဒယားကြီးများဖြင့် အလွန်အကျွံ့ တူးဖော်လာမည်ကို စိုးရိမ်ကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page