top of page

မြစ်ကြီးနားမြို့အနီးတစ်ဝိုက်ရှိ အရပ်ဒေသများတွင် စစ်ကောင်စီမှအင်အားဖြည့်ကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများပြုလုပ်လာသဖြင့် ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပေါ်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၅ရက်၊မတ်လ၊၂၀၂၅။




KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဗန်းမော်၊ဖားကန့်နှင့် ဝိုင်းမော်-လမြန်ဒေသတို့တွင် ထိတွေ့တိုက်ပွဲ ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်မှလည်း စစ်အင်အားတိုး လှုပ်ရှားနေသည့်အပြင် မြစ်ကြီးနားမြို့ပြင်ရှိနေရာများတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ပြင်ရှိကြာရာပတီးနှင့် ၁၀မိုင်အထက်နေရာများတွင် ယခင်ထက် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လာသည်ကို ဒေသခံတစ်ဦးက....


“အခုက လမ်းကြိုလမ်းကြားထောင့်တိုင်းမှာ တစ်ခုခုကို စောင့်နေသလိုကို ရပ်စောင့်နေကြတာ။ မြစ်ကြီးနား ကြာရာပတီးလမ်းမှာဆိုရင်လည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်။ ကလေးချီပြီး လာတဲ့မိခင်တွေကိုပါ စစ်တာ။ လတ်တလောက နောင်နန်းအထက်ကိုလည်း ပြန်လှုပ်ရှားလာနေပြီ” ဟု ပြောသည်။


ထို့အပြင် နမ္မတီးမြို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ယခုအချိန်အထိ စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး တပ်သားသစ်စုဆောင်းခြင်းကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု ဆိုသည်။


ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန်တွင် မြစ်ကြီးနားမြို့အနီးဝန်းကျင်အတွင်း စစ်တပ်မှ နေရာယူတပ်စွဲနေထိုင်လာခြင်းမှာ စစ်ရေးပြင်းထန်လာမည့်သဘောဖြစ်သောကြောင့် အရပ်သားပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။


လတ်တလောတွင် ညအချိန်မတော် လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရပြီး၊ ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။ ထို့အပြင် စစ်တပ်က တော်လှန်ရေးတပ်များနှင့်ပြည်သူကို တစ်တန်းတည်း ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် လက်နက်ကြီး၊လေယာဉ်ဗုံးနှင့် ဒရုန်းဗုံးများကို ရှောင်ကြဉ်နိုင်ရန် ကတုတ်ကျင်းများ ကြိုတင်ပြင်ဆင်စေလိုကြောင်းလည်း အသိပေးထားသည်။


သတင်း - ပီလမ့်အူ


コメント


Pajau Media

Thanks for subscribing!

bottom of page