top of page

မြစ်ကြီးနားမြို့အတွင်း သတင်းအမှား၊ သတင်းအတု ပြန့်နှံ့မှု များလာ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ



မြစ်ကြီးနားမြို့ရှိ ရွှေစက်ရပ်ကွက်နှင့် ရွှေစက်လမ်း ဆုံဟု လူသိများသည့် နေရာများတွင် ယခု အပတ် အတွင်း လူငယ်များကိုအမည်မသိအဖွဲ့မှ စစ်ဆေးမေးမြန်းကာ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟူသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ရွှေစက်ရပ်ကွက်နေ အမျိုး သားတစ်ဦးက ပြောသည်။


ယင်းနေရာများတွင် ယခုရက်ပိုင်းအတွင်း အမည်မသိအဖွဲ့များမှ ည၉နာရီအချိန်ခန့်တွင် လမ်းသွားလမ်းလာသည့် လူငယ်များအား စစ်ဆေးမေးမြန်းမှုများ ရှိနေသည်ဆိုသည့် သတင်းများကြောင့် သတိနှင့် သွားလာနေရသည်ဟု ဆိုသည်။


ထို့အပြင် အထက်တန်းကျောင်းသားများကိုကျောင်းဝင်းထဲတွင်ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့် သတင်းနှင့် မန်ခိန်ရပ်ကွက် လွှတ်တော်ရုံးရှေ့တွင် လူငယ်များအား အမည်မသိ အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့် သတင်းများလည်း ယခုရက်ပိုင်းအတွင်း ပြန့်နှံ့လျက်ရှိသည်။


မန်ခရိန်ရပ်ကွက် လွတ်တော်ရုံးရှေ့တွင် လူငယ်များကို အမည်မသိအဖွဲ့များမှ ဖမ်းခေါ်သွားသည်ဆိုသည့် သတင်းနှင့် စပ်လျဥ်းပြီး ပြည်သူများအား မေးမြန်းစုံစမ်းရာ

"မန်ခိန်ရပ်ကွက်မှာ‌တော့ ကျ‌နော်အခုထိဘာမှမကြားဘူး၊ ကျနော်တို့ရွှေစက်လမ်းဆုံ အကင်တွေရောင်းတဲ့‌နေရာနားမှာ ဒီရက်ပိုင်းဘဲ အမည်မသိအဖွဲ့တွေ လူငယ်တွေကိုစစ်ဆေးပြီးတချို့ကိုဖမ်းသွားကြတယ်လို့ မျက်မြင်တွေပြောကြတယ်။ တချို့ကဦး‌ရွှေမင်းရဲ့ပြည်သူ့စစ်အဖွဲ့တွေလို့လည်းပြောကြတယ်။ လီဆူအိမ်တွေဆိုဝင်ဖမ်းခေါ်သွားကြတယ်လို့လည်းကြားတယ်။" ဟု ပြည်သူတစ်ဦးက ပြောသည်။


ထို့အပြင် ကျောင်းနှင့်နီးစပ်မှုရှိသော ဆရာမတစ်ဦးမှလည်း ကျောင်းဝင်းထဲစစ်တပ်ကကျောင်းသားတွေကိုလာဖမ်းတယ်ဆိုတဲ့သတင်းမှာ မမှန်ကန်ကြောင်းဆိုပါသည်။


"သတင်းအမှားပါ ကျမတို့ဆီကိုကျောင်းသားမိဘ‌တွေလည်း ဖုန်းဆက်မေးလာကြတယ်အခုရက်ပိုင်းဆိုကျောင်းသားတွေလည်း ကျောင်းအရမ်းပျက်လာကြတယ်။" ဟု ကျောင်းသားများအား ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းနှင့်စပ်လျဥ်းပြီး ပါဂျောင်မီဒီယာကို ပြောသည်။


နောက်ထပ် အမည်မဖော်လိုသူ ရပ်မိရပ်ဖ တစ်ဦးမှလည်း

"ကျောင်းက ကျောင်းသားတွေကို ဖမ်းခေါ်သွားတယ်ဆိုတဲ့သတင်းလည်း မန်ခိန်ကျောင်းမှာရော ရွှေစက်ကျောင်းမှာရောမရှိပါဘူး၊ ကျနော်ထင်တာက အထက(၃) ကကိစ္စလို့ထင်တယ်၊ တပ်မိသားစုကျောင်းသားတွေနဲ့ ရမ်ပူရပ်ကွက်ကကျောင်းသား‌တွေအချင်းချင်းရန်ဖြစ်ကြရင်း တပ်မိသားစုကျောင်းသားတွေကို တပ်ကလာခေါ်သွားကြတယ်လို့ ဒီရက်ပိုင်းကပဲ ကြားထားတယ်။အဲဒီသတင်းနဲ့ ရောသွားတယ်ထင်တယ်။" ဟု ဆက်လက်ရှင်းပြထားပါသည်။


ယင်းသတင်းပြန့်နှံ့လာမှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ဒေသခံများမှာ စိုးရိမ်ထိတ်လန့် မှုများ ရှိနေပြီး သွားသတိလာသတိ ဖြစ်နေရသည်ဟု ဆိုသည်။


စစ်ကောင်စီ စစ်တပ်မှလည်း မြစ်ကြီးနာမြို့အတွင်း ည၁၀နာရီမှ မနက်၄နာရီ အချိန်အတွင်း မည်သူမျှ အပြင်ထွက်ခွင့်မရှိဟူသည့် အမိန့်ထုတ်ထားပြီး၊ အမိန့်ထုတ်ထားသည့် အချိန်အတွင်း အပြင်ထွက်သည့် မည်သူ့ကိုမဆို သေနတ်နှင့် ပစ်မိန့်ပေးထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးဟောင်း တစ်ဦးပြောပြချက်အရ သိရသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page