top of page

မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းများကို လေကြောင်းဖြင့် သယ်ယူပို့ဆောင်သောကြောင့် ဈေးနှုန်းဆက်လက် မြင့်တက်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၆၊ ၈၊၂၀၂၄။



မြစ်ကြီးနား-မန္တလေးပြည်ထောင်စုလမ်းမကြီး ပိတ်ပင်ပြီးနောက် ကုန်ပစ္စည်းများကို လေကြောင်းဖြင့်သာ သယ်ယူပို့ဆောင်ရသောကြောင့် ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်နေ့ကတည်းက မြစ်ကြီးနားသို့ ပုံမှန်တင်ပို့နေသည့် ကုန်တင်ကားများ အဝင်မရှိတော့သလို ကချင်ပြည်နယ်သို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများမှာ လေကြောင်းလိုင်းဖြင့်သာ သယ်ယူပို့ဆောင်နေရသည်ဟု ဆိုသည်။


“အခုရောင်းနေတဲ့ ကုန်ပစ္စည်းတွေက လက်ကျန်တွေပဲ ရှိတော့တာ။ အသစ်မရောက်တော့ဘူး။ ခရမ်းချဉ်သီးကလည်း ဒါအကုန်ပဲ မရောက်တော့ဘူးလေ။ ခုရက်ပိုင်းက လေယာဉ်နဲ့ သယ်လာတာတွေလဲရှိတယ်။ ဒါပေမယ့် ဈေးအရမ်းကြီးသွားပြီ။ ဖောက်သည်ဈေးတောင် မယူနိုင်တော့ဘူး။ အလုအယက်နဲ့မို့ ရလည်းမရလိုက်ဘူး။” ဟု မြစ်ကြီးနားမြို့မဈေးမှ ကုန်သည်တစ်ဦးက‌ ပြောသည်။


လက်ကျန်ရောင်းချနေကြသည့် ခရမ်းချဉ်သီးတစ်ပိသာဈေးနှုန်းမှာ နှစ်သောင်းကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာလျှင် နှစ်သောင်းကျပ်၊ ကြက်သွန်နီတစ်ပိသာလျှင် ရှစ်ထောင်ကျပ်၊ အာလူးတစ်ပိသာလျှင် လေးထောင်ကျပ်၊ ဆီတစ်ပိသာလျှင် တစ်သောင်းခုနှစ်ထောင်ကျပ်နှင့် ဂျင်းတစ်ပိသာလျှင် နှစ်သောင်းကျပ်ဖြင့် ရောင်းချနေကြသည်။


ဒေသထွက် အမဲသား၊ ဝက်သားများမှာ တစ်ပိသာလျှင် နှစ်သောင်းစွန်းလေးသာ ရှိနေသေးပေမယ့် အချို့လက်ကျန်ငါး တစ်ပိသာမှာ လေးသောင်းမှ ငါးသောင်းဝန်းကျင်အထိ ရောင်းချနေကြပြီး မြစ်ကြီးနားမြို့မှ ငါးကုန်သည်ကြီးများဖြစ်သည့် ဒေါ်အားမျှော်နှင့် ဒေါ်ကြည်အေးဆိုင်များပင် ငါးပြတ်လတ်သောကြောင့် ဆိုင်ပိတ်ထားခဲ့ရသလို ဒေသထွက် မြစ်ငါး တစ်ပိသာကို လေးသောင်းကျပ်အထိ ဈေးတင်ရောင်းချကြသည်ဟု ဆိုသည်။


ထို့အပြင် ငရုပ်သီးစိမ်း တစ်ဗူးလျှင် သုံးထောင့်ငါးရာကျပ်နှင့် တစ်ပိသာလျှင် ငါးသောင်းကျပ်၊ အိမ်ကြက်တစ်ပိသာလျှင် လေးသောင်းကျပ်မှ cpကြက် တစ်ပိသာလျှင် နှစ်သောင်းကျပ်အထိ မြင့်တက်နေပြီဖြစ်သည်။

အလားတူ ကချင်ပြည်နယ်၏ မြောက်ဘက်စွန်းဒေသဖြစ်သည့် ပူတာအိုဒေသမှာလည်း ပြီးခဲ့သည့် မတ်လကတည်းက နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်း ပိတ်ပင်ခဲ့ပြီးနောက် စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်းများကို လေကြောင်းဖြင့်သာ သယ်ယူပို့ဆောင်ရသောကြောင့် ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။


လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ကချင်ပြည်နယ်သို့ ဝင်ရောက်သည့် ကုန်သည်ကားလမ်းများအားလုံး ပြတ်တောက်သွားခဲ့ရသလို၊ လေကြောင်းလိုင်းဖြင့် သယ်ယူပို့ဆောင်နေရပေမယ့် ကုန်ဈေးနှုန်းများမှာ ယခုထက် ပိုမိုမြင့်တက်လာမည့် အခြေအနေသာ ရှိနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page