ပါဂျောင်မီဒီယာ
၃ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ “ရွှေမင်းသမီး” ရွှေပန်းတိမ်နှင့် ရွှေရောင်းဝယ်ရေးဆိုင် ကို ယနေ့ နံနက် (၁၀)နာရီဝန်းကျင် အချိန်ခန့်က လက်နက်ကိုင်ဆောင်ထားသော အမည်မသိလူတစ်စုမှ လာရောက်ကာ ဓားပြတိုက်သွားကြောင်းသိရှိရသည်။
ဓားပြတိုက်ခံရသောရွှေဆိုင်မှာ မြစ်ကြီးနားမြို့ ၊ရမ်ပူရပ်ကွက်ရှိ အမှတ်(၂) ရဲစခန်း၏ မလှမ်းမကမ်းတွင်တည်ရှိသောကြောင့် မထင်မှတ်ထားသောအချိန်တွင် ဓားပြတိုက်ခံရတာဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဉီးမှပြောသည်။
“ရွှေဆိုင် က အမှတ်(၂) ရဲစခန်းနဲ့ မဝေးဘူး၊ ကား ဆိုင်ကယ်နဲ့ဆို ၃ မိနစ်လောက်ပဲသွားရတာ။ အရပ်ဝတ်နဲ့ လူ ၄ ယောက်လောက် သေနတ်ကိုင်ပြီး ဓားပြလာတိုက်သွားတာ။ ရွှေတွေဘယ်လောက်ပါသွားလဲတော့မသိဘူး” ဟုမျက်မြင်ပြည်သူတစ်ဦးမှ ပြောသည်။
ထို့အပြင် ဓားပြတိုက်ခံရပြီး ၁ နာရီခန့်အကြာတွင် အရပ်ဝတ်ရဲများ နှင့် စစ်သားများရောက်လာကာ ဆိုင်နှင့် ဆိုင်အနီးဝန်းကျင်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်းသိရသည်။
မြစ်ကြီးနားမြို့ရှိ ရမ်ပူရပ်ကွက်သည် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကား သုံးစွဲသောသူများ ကျက်စားရာနေရာတစ်ခုဖြစ်ပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ယနေ့အချိန်ထိ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများကို တာဝန်ယူဖြေရှင်းပေးမှု မရှိသလောက်နည်းပါးကြောင်းသိရသည်။
Comentarios