ပါဂျောင်မီဒီယာ
၇ရက်၊အောက်တိုဘာ၊၂၀၂၄။
မြစ်ကြီးနားတွင် ကုန်ဈေးနှုန်းမြင့်တက်ပြီး လုပ်ကိုင်စားသောက်ရန် ခက်ခဲနေချိန် ယခုရက်ပိုင်းတွင် ထီဝန်းရပ်ကွက်နှင့် ကြာရာပတီးရပ်ကွက်များတွင် နေ့စဉ်ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
ညနေပိုင်းအချိန်တွင် တစ်ဦးတစ်ယောက်ထဲ သွားလာသူများကို အဓိကပစ်မှတ်ထား လုယက်ကြသောကြောင့် သွားသတိ၊လာသတိရှိနေရသည်ဟု ကြာရာပတီးရပ်ကွက်မှ ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။
“ပြီးခဲတဲ့ အပတ်အတွင်းဖြစ်မယ်။ ကျနော့်ယောက်ဖက မြို့ကနေ အလုပ်ကပြန်လာတဲ့ လမ်းမှာ ယောက်ျားသုံးယောက်က တားပြီး၊ သူတို့က KIA စစ်သားတွေဟုတ်တယ်လို့ ပြောတယ်တဲ့။ ပြီးရင် တပ်သားစုဆောင်းသလိုနဲ့ ဟန်လုပ်ပြပြီး ယောက်ဖကို ကြိုးနဲ့ချည်ထားတယ်။ ပြီးရင်တစ်ခါထဲ ဆိုင်ကယ်ယူပြီး ပြေးသွားတယ်။ ဆိုင်ကယ်ထဲမှာ ဖုန်းလည်း ပါသွားခဲ့တယ်။” ဟုပြောသည်။
ဒေသခံများပြောဆိုချက်အရ လူသုံးလေးဦးပါဝင်သည့် အဖွဲ့များက ညဘက် တစ်ဦးထဲ သွားလာသူများနှင့် အမျိုးသမီးများကို အဓိကပစ်မှတ်ထားကာ ဖုန်း၊ ဆိုင်ကယ်နှင့် အခြားပစ္စည်းများ လုယက်မှုနှင့် နေ့ခင်းဘက်တွေမှာလည်း လူမရှိသည့်အိမ်တွင်းထိ သူခိုးခိုးခံရသည့် ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာသည်ဟု ပြောသည်။ ယင်းကဲ့သို့ ခိုးဆိုးလုယက်မှုများလည်း ရပ်ကွက်အတွင်း နေ့စဉ်ကြားနေရကြောင်း ဒေသခံများက ပြောသည်။
“အခုက ကိုယ့်ကိုယ်ကိုပဲ လုံခြုံရေးယူရတယ်။ နိုင်ငံအုပ်ချုပ်ရေး ယန္တယားကပျက်စီးနေတာဆိုတော့ ဘယ်သူ့ကို သွားအားကိုးရမှန်းမသိဘူး။ ကျနော်တို့ နေထိုင်တဲ့ ထီဝန်း၊ ကြာရာပတီးရပ်ကွက်တွေမှာဆို ဖဲဝိုင်းလည်း ရှိတော့ သူခိုး၊ ခိုးဆိုးလုယက်မှုက ပိုများတယ်။ မနေ့ညကတောင်အိမ်ဘေးနားက ဆိုင်ကယ်တစ်စီးခိုးခံလိုက်ရသေးတယ်။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ အုပ်ချုပ်ရေးယန္တယား ပျက်စီးပြီးနောက်ပိုင်း သက်ဆိုင်သည့် အစိုးရမှ တာဝန်ယူဖြေရှင်းမှုနှင့် စောင့်ကြည့်မှုမှာ မရှိသလောက် အားနည်းသွားခဲ့သောကြောင့် ဒေသခံများမှာ အဘက်ဘက်မှ လုံခြုံရေးအတွက် စိုးရိမ်ကာနေထိုင်ကြရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကြာရာပတီးရပ်ကွက်ရှိ လူသူကင်းမဲ့သည့် တစ်နေရာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ထားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး၊ ယင်းနေရာသည် သူခိုး၊ ဓားပြအပြင် လူသတ်ကာ ပိုင်ရှင်မဲ့အလောင်းလာရောက်ပစ်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများပြောသည်။
Kommentare