top of page

မြစ်ကြီးနားမြို့မှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နှစ်(၁၀၀)ပြည့် ရာပြည့်ပွဲတော်ကြီး ကျင်းပမည်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၆ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထက(၁) အခြေခံပညာ အထက်တန်းကျောင်းသည် ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်တွင် ကျောင်းတော်စတင်ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့်ပြီ ဖြစ်သောကြောင့် နှစ်(၁၀၀)ပြည့် ပွဲတော်ကြီးကို လာမည့် မတ်လ ၂၉ရက်မှ ၃၀ရက်အတွင်း နှစ်ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီအချိန် ၁၉၂၃-၁၉၂၄ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၃-၂၀၂၄ခုနှစ်တွင် နှစ် (၁၀၀)ပြည့်ခဲ့ပြီ ဖြစ်သည်။


ထို့ကြောင့် နှစ်တစ်ရာ ပြည့်သည့်တိုင်အောင် ပညာသင်ကြားခွင့်ရခဲ့သည့် ကျောင်းတော်ကြီးနှင့်အတူ ကျောင်းတော်တွင် ဆပ်ကပ်ဆည်းပူးရင်း ကွယ်လွန်သွားကြပြီဖြစ်သော ဆရာ/မများနှင့် ယခုချိန်ထိ ရှိနေပေးသည့် ဆရာကြီး၊ ဆရာမများ၏ ကျေးဇူးများကို အောက်မေ့သတိရခြင်းများစွာဖြင့် ကြုံဆုံခဲ့ရသော နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ပြုလုပ်ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။


ဂျာမန်လူမျိုးဖြစ်သည့် မစ္စတာရှပ်ပယ်လ်တန်က အထက(၁) ကျောင်းတော်ကြီး၏ ပထမဦးဆုံးသော ကျောင်းအုပ်အဖြစ် တာဝန်ယူအုပ်ချုပ်ခဲ့ပြီး ယခုလက်ရှိတွင် ကချင်လူမျိုးဖြစ်သည့် ကျောင်းအုပ်ဆရာမကြီး ကေဒီဆိုင်းပန် ကတာဝန်ယူအုပ်ချုပ်နေသည်။


သမိုင်းမှတ်တမ်းများအရ ကျောင်းတော်ကြီးသည် ခေတ်အဆက်ဆက် စာပေဂုဏ်ထူးရှင်များ၊ အရည်အချင်းပြည်ဝသော ကျောင်းသားများနှင့် အထင်ကရ ပုဂ္ဂိုလ်များ၊ မရေမတွက်နိုင်သော ပညာတတ်၊ နိုင်ငံသားကောင်း များစွာကို မွေးထုတ်ပေးခဲ့သော ကျောင်းတော်ကြီးအဖြစ်လည်း ထင်ရှားခဲ့သည့်အပြင် မြစ်ကြီးနားမြို့၏ အလယ်ဗဟိုကျသော ဧရာရပ်ကွက်အတွင်း တည်ရှိသည့် ကျောင်းတော်လည်း ဖြစ်သည်။


ထို့ကြောင့် ကျောင်းတော်ကြီးအား ဂုဏ်ပြုသောအားဖြင့် နှစ်၁၀၀ပြည့် အထိမ်းအမှတ် ကျောက်တိုင်ကြီး စိုက်ထူမည့်အပြင် ကျောင်းသမိုင်းပြခန်းနှင့်အတူ အားကစားပြိုင်ပွဲများ | တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာလာမည့် မတ်လ ၂၉ရက် နှင့် ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ထို့အပြင် ကျောင်းပွဲတော်ကျင်းပရေး ကော်မတီဝင်များမှလည်း ရပ်နီးရပ်ဝေး၊ ပြည်တွင်းပြည်ပ ဆိုင်ရာအသီးသီး ရောက်ရှိနေသော ကျောင်းသား/သူဟောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘ၊ ရပ်မိရပ်ဖများ လာရောက်ဂုဏ်ပြု ပါဝင်စေလိုကြောင်း ထပ်မံပြောကြားထားသည်။






3 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page