ပါဂျောင်မီဒီယာ
၈ ၊ ၉၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_f4f794568210437d904bfae31ea53c67~mv2.jpg/v1/fill/w_720,h_960,al_c,q_85,enc_auto/c187ce_f4f794568210437d904bfae31ea53c67~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆေးရုံမှပြန်လာစဉ် ဓားကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦးမှ ဓားထောက်ဓားပြတိုက်ပြီး၊ ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း မန်ခိန်ရပ်ကွက် ဒေသခံများ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၅ရက်နေ့ ညနေသုံးနာရီခွဲအချိန်တွင် ဆေးရုံမှပြန်လာသည့် အမျိုးသမီးတစ်ဦးကို မန်ခိန်ရပ်ကွက်ရှိ တံတားတစ်ခုအရောက်တွင် အမျိုးသားသုံးဦးမှ ဓားထောက်ခြိမ်းခြောက်ကာ လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သူ့သားက အဖျားတက်ပြီး မေ့လဲသွားတယ်။ သတိပြန်ရလာတော့ ဆေးရုံကြီးကို သွားပြတယ်။ ဆရာမတွေက ဆေးရုံတက်ရမယ်ပြောလို့ အိမ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ သွားယူဖို့ ပြန်တဲ့ချိန်မှာ မန်ခိန်ရပ်ကွက် တံတားတစ်ခုအရောက်မှာ ဓားပြတိုက်ခံလိုက်ရပြီး ဆိုင်ကယ်ပါသွားတယ်။ ဆိုင်ကယ်မပေးရင် ဓားနဲ့ထိုးမယ် ခြိမ်းခြောက်လို့ ဆိုင်ကယ်ပေးပြီး ခြေကျင်နဲ့ ပြန်ခဲ့ရတယ်တဲ့။” ဟု မန်ခိန်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
ယင်းအမျိုးသမီးမှာ တစ်စီးသာ ပိုင်ဆိုင်ထားသည့် ဆိုင်ကယ်ကို ဓားပြတိုက်သူများ ဓားထောက်ခြိမ်းခြောက်ခြင်းကြောင့်သာ ပေးလိုက်ရပြီး၊ ဆေးရုံတက်နေရသည့် သားအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရသူလည်း ဖြစ်သည်။
မန်ခိန်ရပ်ကွက်တွင် ယခုကဲ့သို့ ဓားပြတိုက် ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များမှာ တစ်လအတွင်းပင် သုံးကြိမ်ထက်မနည်း ဖြစ်ပွားလေ့ရှိပေမယ့် တရားခံကို ဖမ်းဆီးရမိခြင်း မရှိခဲ့ဖူးကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများမှ တာဝန်ယူဖြေရှင်းပေးပြီး၊ ခိုးဆိုးလုယက်မှု ဖြစ်စဉ်များ နည်းပါးအောင် ဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများ တောင်းဆိုကြသည်။
မြစ်ကြီးနားမြို့တွင် ဖုန်းအဆက်အသွယ်အားလုံး ပြတ်တောက်သွားပြီး၊ သတင်းအမှောင်ချခံနေရစဉ် ရပ်ကွက်အတွင်း ခိုးဆိုးလုယက်မှုနှင့် ဓားပြတိုက်မှုများမှာ နေ့စဉ်ဖြစ်ပွားနေခဲ့ပြီး အများမသိရသည့်အမှုပင် မြောက်များစွာ ရှိနိုင်သည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေး ယန္တရား ပျက်ဆီးယိုယွင်းနေသည့် ၂၀၂၁ခုနှစ် နောက်ပိုင်း ခိုးဆိုးလုယက်မှုဖြစ်စဉ်များ၊ ဓားပြတိုက်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်၊သုံးစွဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာပေမယ့် တာဝန်ရှိသူများမှ အရေးတယူ ဆောင်ရွက်မှုများ လျော့နည်းသွားသည့်အပြင် မျက်ကွယ်ပြုမှုများလဲ ရှိနေသည်။
Comments