ပါဂျောင်မီဒီယာ။
၂ရက်၊အောက်တိုဘာ၊၂၀၂၄။
စစ်ကောင်စီမှ အောက်တိုဘာ ၁ရက်နေ့မှ အောက်တိုဘာ ၁၅ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမည်ဟု ကြေညာပြီးနောက် ယမန်နေ့ အောက်တိုဘာ ၁ရက်နေ့မှစပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့တွင် သန်းခေါင်စာရင်းကောက်ခံမှုများရှိလာကြောင်းသိရသည်။
ရမ်ပူ ၊ကြက်ပေါင်ခြံ ၊ရန်ကြီးအောင်(အောက်ချိုင့်) ၊ အေးမြသာယာ ၊ ကြာရာပတ္တီးနှင့် အခြားရပ်ကွက်တစ်ချို့တွင် သန်းခေါင်စာရင်းကောက်ခံမှုများရှိခဲ့ပေမဲ့ အိမ်လုံးစေ့ကောက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
"မနေ့ မနက် ၁၀ နာရီလောက်က အိမ်မှာလာကောက်သွားတာ၊ အိမ်ထောင်စုစာရင်းကြည့်ပြီး ဘယ်သူဘာအလုပ်လုပ်လဲ၊ ခရီးထွက်နေတဲ့သူရှိလား၊ အိမ်မှာလာနေတဲ့အမျိူးတွေကောရှိလား ဆိုပြီးအဲ့တာတွေအဓိကမေးတယ်၊ လာကောက်တဲ့အထဲမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုး,ရပ်ကွက်လူကြီးတစ်ချို့ နဲ့ အမျိုးသမီးရေးရာကဟာလိုတွေပဲပါတယ် ၊ ဟိုလို ရဲတွေ စစ်သားတွေတော့မပါဘူး ဒါပေမဲ့ တစ်ခြားရပ်ကွက်တော့မပြောတတ်ဘူးလေနော" ဟု ရန်ကြီးအောင်ရပ်ကွက်နေ ပြည်သူတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောသည်။
ထို့အပြင် သန်းခေါင်စာရင်းကောက်ခံသည့် ကာလအတွင်း ကချင်ပြည်နယ်တွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ၂ ပတ်ခန့် ဖွင့်လှစ်ပေးမည်ဆိုသော ကောလဟာလများထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်အထိ ဖွင့်လှစ်ပေးခြင်းမရှိသေးကြောင်းသိရသည်။
ယခုကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူမှုသည် ၂၀၂၅ ရွေးကောက်ပွဲကျင်းပရေး မဲစာရင်းပြုစုရန်အတွက် အရေးပါကြောင်း အာဏာသိမ်းစစ်ကောက်စီမှ မကြာမကြာ ထုတ်ပြန်ကြေညာလျှက်ရှိသည်။
Comments