ပါဂျောင်မီဒီယာ
၆ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။
![](https://static.wixstatic.com/media/c187ce_b52197ffe1954006820c8da0a44d81c4~mv2.jpg/v1/fill/w_526,h_701,al_c,q_85,enc_auto/c187ce_b52197ffe1954006820c8da0a44d81c4~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် မေလ ၂၀ ရက်နေ့မှစတင်ကာ ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် နှင့် အပြင်ထွက်သူများကို စစ်ဆေးမေးမြန်းမရှိ ဖမ်းစီးပြီး အကယ်၍ထွက်ပြေးပါက ပစ်ခတ်ဖမ်းစီးရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ထိုသို့ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ လမ်းသွားလမ်းလာပြည်သူများကို ရှောင်တခင် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေသည်ဟု စစ်ဆေးမေးမြန်းခံရသူ ပြည်သူတစ်ဉီးကပြောသည်။
“ကျွန်တော်ပြန်လာတဲ့အချိန်က ၉ နာရီတောင်မထိုးသေးဘူး ၈ နာရီခွဲကျော်ကျော်လောက်ပဲရှိသေးတယ်။ အထက (၁) ကျောင်း လမ်းဆုံ မှာ ရဲ နဲ့ စစ်သားတွေ စောင့်ပြီး ဖြတ်သွားဖြတ်လာတွေကိုစစ်နေတာ။ ကျွန်တော်က ဆိုင်ကယ်နဲ့ဆိုတော့ ဆိုင်ကယ် tool box ဖွင့်ခိုင်းတယ်။ ပြီးတော့ ဘယ်ကပြန်လာလဲ ဘယ်မှာနေတာလဲ ဆိုပြီးမေးတယ်။ အချိန်ကလည်းနည်းနည်းစောသေးလို့နေမှာ မေးခွန်းအများကြီးအမေးမခံရဘူး” ဟုအထက်ပါဒေသခံမှပြောသည်။
ထို့အပြင် ဇွန်လ ၄ ရက်နေ့ တွင် ရမ်ပူ၊ အေးစေတီ၊ ရွှေညောင်ပင်၊ ကြက်ပေါင်ခြံ ရပ်ကွက်များမှ ညမထွက်ရ ဒေသန္တရအမိန့်အားဖောက်ဖျက်ကျူးလွန်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀ ဉီး အား လုံခြုံရေးအဖွဲ့ပေါင်းစုံဖြင့် အရေးယူဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူများကို ရာဇသတ်ကြီး ပုဒ်မ-၁၈၈ ဖြင့် စွဲချက်တင်အရေးယူခဲ့ပြီး ဖမ်းဆီးပြီး၊ ယမန်နေ့ ဇွန်လ ၅ ရက်နေ့တွင် ထိုသူများကို တရားရုံး၌ ရုံးတင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ထိုဖောက်ဖျက်ကျူးလွန်သူများနှင့်အတူ ၎င်းတို့စီးနှင်းသည့် ကား (၅)စီး နှင့် ဆိုင်ကယ် (၈)စီးတို့ကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြစ်ကြီးနားမြို့ပေါ်တွင် ဒေသန္တရအမိန့်၊ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ထိုသို့ စည်းကမ်းဖောက်ဖျက်သူများအား ဆက်လက်ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်းလည်းသိရှိရသည်။
Comments