top of page
Writer's picturePajau Media

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်မှ တားဆီးပိတ်ပင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

ပါဂျောင်မီဒီယာ

၁၉ရက်၊စက်တင်ဘာလ၊၂၀၂၄။



စစ်ကောင်စီတပ်ဖွဲ့မှ နေရာဒေသအသီးသီးတွင် စစ်အင်အားတိုးချဲ့ လှုပ်ရှားမှုများရှိနေသည့်အပြင် မြို့တွင်းနေရာယူကာ လမ်းသွားလမ်းလာ မော်တော်ကားများကို တားဆီးပိတ်ပင်ပြီး စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာကြောင်းနှင့် ညအချိန် ဒရုန်းဖြင့် ကင်းလှည့်စောင့်ကြည့်မှုများကိုပါ လုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


မြစ်ကြီးနားမြို့မှ ၈ မိုင်အကွာတွင် တည်ရှိသည့် ပလနအထက် တြိနီတိအသင်းတော်ဘုရားကျောင်းဝင်းရှေ့တွင် ယနေ့ စက်တင်ဘာ ၁၉ရက် နံနက်၉နာရီအချိန်က စစ်တပ်မှ အင်အား(၁၀)ဦးဝန်းကျင်ဖြင့် ဖြတ်သွားဖြတ်လာနေသည့် မော်တော်ကားများကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။


“မြစ်ကြီးနား ပလနဂိတ်မှာတော့ သူတို့အမြဲတမ်းနေတဲ့ နေရာဟုတ်တယ်။ ဒါပေမယ့် ဒီမနက်က ဂိတ်မဟုတ်တဲ့ တြိနီတိဘုရားကျောင်းဝင်းရှေ့မှာ အရမ်းစစ်နေတယ်။ မြစ်ကြီးနားကနေ တက်လာတဲ့သူတွေ၊ ကုန်ပစ္စည်းသယ်ကားတွေဆို တစ်စီးပြီးတစ်စီး စစ်နေတယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကိုတော့ မစစ်ဘူး။” ဟု ပြောသည်။


စစ်ကောင်စီမှာ နေရာသတ်မှတ်ထားခြင်းမရှိပေမယ့် ရံဖန်ရံခါ အမှတ်မထင် ကားလမ်းတစ်လျှောက် တားဆီးစစ်မေးခြင်းကို မြစ်ဆုံးသွားကားလမ်းမ နေရာများတွင် မကြာခဏ လုပ်ဆောင်တတ်ပြီး၊ အင်အား (၃၀)နီးပါးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ရှိ ၁၀မိုင်ကျေးရွာရှိ အစိုးရဆေးပေးခန်း၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းဝင်း နေရာများတွင် နေရာယူကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။


KIA ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ပွဲ ဆင်နွှဲပြီးနောက် ကချင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးခဲ့သည့် စစ်တပ်စခန်းများစွာရှိခဲ့ပြီး၊ လက်ရှိစစ်ကောင်စီတပ်ဖွဲ့က ယင်းလက်လွှတ်ခဲ့သည့် တပ်စခန်းများကို ပြန်လည်ရယူနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်း ဖြစ်သည်။


လတ်တလောအချိန် မြစ်ကြီးနားမြို့တွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသည့်အပြင် စစ်ဆေးရေးဂိတ်မဟုတ်သည့် နေရာများကိုပါ စစ်တပ်က စစ်ဝတ်စုံအပြည့်ဖြင့် နေရာယူကာ ဖြတ်သွားဖြတ်လာ မော်တော်ကားများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောကြားလာသည်။


ကချင်ပြည်နယ်ကို အဆက်အသွယ်ဖြတ်တောက်သည့် ဇူလိုင်၂၁ရက်နေ့နောက်ပိုင်းမှစပြီး မြစ်ကြီးနားမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်တော့မည်ဟူသည့် သတင်းပျံ့နှံ့သွားခဲ့ပြီးနောက် စစ်ကြောင်းလှုပ်ရှားးမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာခဲ့ပြီး၊ ညစဉ်ညတိုင်း မသင်္ကာသည့် နေရာဒေသများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အပြင် ရဟတ်ယာဉ်ဖြင့် လှည့်လည်ပျံသန်းမှုများ လုပ်ဆောင်နေသည်။


ယခုကဲ့သို့ စစ်ကောင်စီမှ နည်းလမ်းမျိုးစုံဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာသောကြောင့် အရပ်သားဒေသခံများ စိုးရိမ်ပူပန်နေရသည့်အပြင် အချို့မှာ အခြားမြို့ကြီးများသို့ တိမ်းရှောင်သွားကြသူများလည်း ရှိနေကြောင်း ထပ်မံသိရသည်။


0 views0 comments

Comentários


bottom of page