ပါဂျောင်မီဒီယာ
၃၀ရက်၊ဩဂုတ်လ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_6364717b313341aaa3157040b1e5960e~mv2.jpg/v1/fill/w_275,h_183,al_c,q_80,enc_auto/c187ce_6364717b313341aaa3157040b1e5960e~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးမြူရေးနှင့် တင်ပို့ငါးပြတ်လပ်ပြီးနောက် မြစ်ငါးဖမ်းပြီး လိုက်လံရောင်းချသူ များပြားလာသည့်အပြင် တရားမဝင်သည့် ရှော့တိုက်ငါးဖမ်းခြင်းများ တွင်ကျယ်စွာ လုပ်ဆောင်လာကြောင်း သိရသည်။
“မြစ်ကြီးနားမြို့မှာ ဟိုးအရင်ကလို မြစ်ငါးတို့၊ ချောင်းငါးတို့ကို ဖမ်းပြီး အိမ်တိုင်ရာရောက် လိုက်လံရောင်းတာက မရှိသလောက်ဖြစ်သွားခဲ့ပြီဟုတ်တယ်။ ခုတလော မွေးမြူရေးနှင့် တင်ပို့ ငါးပြတ်လပ်သွားတဲ့နောက်ပိုင်းတော့ မြစ်ငါးရောင်းတဲ့သူတွေ အရင်ကလို များလာတယ်။ လေးငါးယောက်လောက်က မနက်တိုင်းပဲ လာရောင်းကြတယ်။” ဟု ဂျန်မိုင်ကောင့်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဧရာဝတီမြစ်အတွင်း ရှော့တိုက်ငါးဖမ်းနည်းဖြင့် ငါးဖမ်းသူများလည်း ယခင်အတိုင်း ပြန်လည်လုပ်ဆောင်လာကြသည်ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ထပ်မံပြောသည်။
“ဧရာဝတီမြစ်ပေါ် ရေလယ်ကျွန်းနဲ့ မြစ်ကျောတစ်လျှောက်မှာ တစ်ချို့လူတွေ ငါးရှော့တိုက်စားနေကြတာ။ အရင်ကတော့ဖမ်းဆီးအရေးယူမှုတွေရှိခဲ့ပေမဲ့ အခုလိုငါးတွေဈေးကောင်းလာတော့ ရှော့တိုက်တဲ့သူတွေကပြန်များလာကြတာ… ဒီအတိုင်းသာဆို ဈေးကွက်မှာ ငါးကမရှိတာနဲ့၊ မြစ်ထဲက ရှော့တိုက်စားတဲ့သူတွေက ဒီထက်များလာဖို့ပဲ ရှိတယ်။”
လက်ရှိမွေးမြူရေးနှင့် တင်ပို့ငါးပြတ်လပ်နေသည့် မြစ်ကြီးနားမြို့တွင် မြစ်ငါးကို အစိပ်သားလျှင် တစ်သောင်းကျပ်မှ တစ်ပိသာလျှင် လေးသောင်းကျပ်နှင့် လေယာဉ်ဖြင့် သယ်ယူသည့် ငါးမှာ တစ်ပိသာကို ငါးသောင်းအထက် ပေးဝယ်ရသည်။ သို့သော် ဈေးကွက်အတွင်းမှာ ငါးတည်ခင်းရောင်းချသူ မရှိသလောက်ဖြစ်နေပြီဟု ဆိုသည်။
ဩဂုတ်လ ၁၇ရက်နေ့မှစပြီး ကချင်ပြည်နယ်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့သည့်နောက်ပိုင်း မြစ်ကြီးနားမြို့တွင် ကုန်ပစ္စည်းအများစု ပြတ်လပ်သွားခဲ့ရာ၊ ငါးဒိုင်ကြီးများပါ ငါးပြတ်လပ်သွားခဲ့ပြီး ဈေးကွက်အတွင်း ငါးမရှိသလောက် ဖြစ်သွားခဲ့သည်။
ဒေသခံများ ပြောဆိုချက်အရ လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် ငါးအနည်းစုရှိနေပေမယ့် ဈေးကြီးပေးပြီး ဝယ်ယူရသောကြောင့် သာမန်အရပ်သား ပြည်သူများအတွက် ဝယ်ယူစားသုံးရန် ခက်ခဲသဖြင့် မြစ်ငါးဝယ်စားကြသူ များလာပြီး၊ ယခင်အတိုင်း မြစ်ငါးဖမ်း ရောင်းချသူလည်း များပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကုန်သည်များစုပေါင်းပြီး လေယာဉ်စင်းလုံးငှားကာ ငါး ၊ ကွမ်းရွက် နှင့် အခြားကုန်စိမ်း အသီးအရွက်များကို မန္တလေးမှ မြစ်ကြီးနားသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
Comments