top of page

မြစ်ကြီးနားမြို့တွင် မြစ်ရေကြီးပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် တွင်းရေသန့် ရရှိရန်ခက်ခဲနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၁ရက်၊ဇူလိုင်လ၊၂၀၂၄။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်များတွင် ရေပြန်ကျသွားသော်လည်း တွင်းရေသန့် မရရှိသေးသည့်အပြင် မသန့်ရှင်းသည့်ရေ သုံးစွဲနေရသောကြောင့် ဒေသခံများ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားပြသာနာများ အဖြစ်များလာသည်ဟု ပြောသည်။


"ရပ်ကွက်ထဲက လူတွေက သုံးစရာရေမရှိကြတော့ မဆယ်ရသေးတဲ့ရေတွင်းက ရေတွေကို ထမင်းချက်တဲ့ နေရာမှာပါသုံးတော့ အထက်လှန်အောက်လျှော ဖြစ်ကြတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ကိုယ်ထူကိုယ်ထ ရေစုပ်စက်၂လုံးနဲ့ တတ်နိုင်သလောက်တော့ ရေတွင်းတွေ လိုက်ဆယ်ပေးနေတယ်။ KBCကလူငယ်တွေလဲ ရေစုပ်စက်တွေဝယ်ပြီး လိုက်လုပ်ပေးနေကြတာရှိတယ်" ဟု မလိယာန်ရပ်ကွက်နေ လူငယ်တစ်ဦးမှ ပြောသည်။


ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာတွင် ဒေသခံများမှာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရပြီး၊ အချို့အိမ်ခြေများမှာ မီးစက်အခက်အခဲနှင့် ရေတွင်းဆည်ရန်မှာ အခက်အခဲဖြစ်နေကြသူများလည်း ရှိသည်ဟု ပြောသည်။


မြစ်ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်များအနက် ရမ်ပူရပ်ကွက်၊ စီတာပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါက်ခြံရပ်ကွက် စသည့်ရပ်ကွက်အများစုတွင် မြစ်ရေလျှံမှု အဆိုးဆုံးဖြစ်ပွားခဲ့ပြီး၊ အပျက်အစီးနှင့် စွန့်ပစ်ပစ္စည်းများလည်း အများစု ဖြစ်ပွားခဲ့သည်။


ထို့ကြောင့် ယခုအချိန်အထိ ရေတွင်းမဆည်နိုင်သေးသည့် အိမ်ခြေများမှာ အများစုကျန်ရှိနေသေးပြီး၊ မဆည်ရသေးသည့်ရေတွင်းမှ မသန့်ရှင်းသည့် ရေကိုသာ အသုံးပြုနေကြရသောကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားပြသာနာများ အဖြစ်များလာရသည်ဟု ဆိုသည်။


ထို့အပြင် ဒေသခံများမှာ ငွေကြေးမတတ်နိုင်သည့် အိမ်ခြေများအတွက် အစိုးရအဖွဲ့အစည်းမှဖြစ်စေ၊ လူမှုအဖွဲ့အစည်းမှဖြစ်စေ၊ ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုသည်ဟု ပြောသည်။


မြစ်ကြီးနားမြို့တွင် မြစ်ရေလျှံမှုဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်နေကြဆဲဖြစ်ပြီး၊ အချို့ရပ်ကွက်များမှာ ယခုထက်ထိ နုန်းရေများ မကျသေးသည့်အပြင် ရွံ့များလည်း ကျန်ရှိနေသေးသောကြောင့် လမ်းကြိုလမ်းကြားများတွင် သွားလာရေးခက်ခဲနေဆဲဖြစ်ကြောင်းနှင့် အစားအသောက်အတွက် အဓိကလိုအပ်သည့် တွင်းရေသန့် ရရှိရန်လည်း ခက်ခဲနေကြဆဲ ဖြစ်သည်။


ဇူလှိုင်လဆန်းပိုင်းကတည်းက မြစ်ကြီးနားတစ်မြို့လုံးနီးပါး မြစ်ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး၊ ၃ရက်နေ့မှစပြီး မြစ်ရေစတင်ကျသွားခဲ့ရာ ရမ်ပူရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်တို့မှာ ယခုထက်ထိ ကျန်ရှိနေသေးသည့် နုန်းရေများ ရှိနေသေးကြောင်း ထပ်မံသိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page