top of page
Writer's picturePajau Media

မြစ်ကြီးနားမြို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်ပြီးနောက်ပိုင်း ဒုစရိုက်ဖြစ်ပွားမှုနှုန်းများ ပိုမိုမြင့်တက်လျှက်ရှိ

ပါဂျောင်မီဒီယာ

၆၊ ၉၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုအပတ်အတွင်း ခိုးဆိုးလုယက်မှု၊ လူသတ်မှု၊ စသည့် ဒုစရိုက်များ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင်သုံးစွဲမှုလည်း ထင်ထင်ရှားရှား တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။


ယခုအပတ်အတွင်း မန်ခိန်ရပ်ကွက်တွင် ဓားကိုင်ထားသည့် အမျိုးသားနှစ်ဦးမှ ၁၂၅ဆိုင်ကယ်စီးလာသည့် သားအမိနှစ်ဦးကို တားဆီးကာ ဆိုင်ကယ်မပေးလျှင် ဓားဖြင့်ထိုးမည်ဟု ပြောဆိုကာ ဆိုင်ကယ်လုယက်တောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်လုယက်ခံရသည့် ၅နှစ်အရွယ် ကလေးငယ်နှင့် သားအမိနှစ်ဦးမှာ ဓားပြများ ဆိုင်ကယ်လုယက်နေချိန် ကလေးငယ်သတိလစ်ကာ လဲကျသွားသောကြောင့် ဆိုင်ကယ်ကို လုယက်ခံခဲ့ရသည်ဟု ဆိုသည်။


ထို့အပြင် မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင်လည်း ဆိုင်အတွင်း အရောင်းအဝယ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးကို နေ့ခင်းကြောင်တောင် ဓားအတိုဖြင့်ထောက်ကာ ငွေညစ်တောင်းဆို ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး၊ ငွေအမြောက်အများ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ အလားတူ ဂျန်မိုင်ကောင့်ရပ်ကွက်မှ နေအိမ်တစ်အိမ်တွင် ငွေသားဖြင့် ကျပ်ငါးသိန်းတန် ဝိုင်ယာကြိုးအစုအလိပ်တစ်ခုကို သူခိုးများလက်ထဲ ဆုံးရှုံးခဲ့ရသည်။


ထပ်မံပြီး ကြာရာပတီးရပ်ကွက်မှ မြို့ပတ်လမ်း၏ အမိုက်ပစ်သည့် လမ်းခုလတ်တစ်နေရာတွင် အမည်မသိအမျိုးသမီးတစ်ဦးအလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းအလောင်းမှာ ခန့်မှန်းချက်အားဖြင့် တစ်ပတ်ခန့်ကြာနေပြီဖြစ်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကိုပင် မခွဲခြားနိုင်အောင် ပုပ်ပွပျက်စီးနေပြီး၊ အလောင်း၏ အသားအပိုင်းအစအချို့ကို ခွေးပြေးဆွဲရာမှ သေဆုံးနေသည့်အလာင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ဒေသခံများပြောဆိုချက်အရ မြစ်ကြီးနားမြို့တွင် ဖုန်းအဆက်အသွယ်အားလုံး ပြတ်တောက်သွားပြီး၊ သတင်းအမှောင်ချခံနေရစဉ် ရပ်ကွက်အတွင်း ခိုးဆိုးလုယက်မှုနှင့် ဓားပြတိုက်မှုများမှာ နေ့စဉ်ဖြစ်ပွားနေခဲ့ပြီး အများမသိရသည့်အမှုပင် မြောက်များစွာ ရှိနိုင်ကြောင်းနှင့် လူငယ်များ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုလည်း ထင်ထင်ပေါ်ပေါ် လှုပ်ရှားလာကြသည်ဟု ဆိုသည်။


မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေး ယန္တရား ပျက်ဆီးယိုယွင်းနေသည့် ၂၀၂၁ခုနှစ် နောက်ပိုင်း ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်၊သုံးစွဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာပေမယ့် တာဝန်ရှိသူများမှ အရေးတယူ ဆောင်ရွက်မှုများ လျော့နည်းသွားသည့်အပြင် မျက်ကွယ်ပြုမှုများလဲ ရှိနေသည်။


0 views0 comments

Comments


bottom of page