ပါဂျောင်မီဒီယာ
၁၅၊ ၈၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် passportရုံးများ ပိတ်ထားသောကြောင့် အွန်လိုင်းရက်ချိန်း ယူထားသူများအနေဖြင့် မန္တလေးမြို့ရှို့ passportရုံးတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။
မန္တလေးမြို့ရှိ passportရုံးတွင် မြစ်ကြီးနားမြို့ရှိ passportရုံးတွင် ဇူလိုင်လ ၂၂ရက်နေ့ ရက်ချိန်းရယူထားသူများကို ဩဂုတ်လ ၁၃ရက်နေ့မှ စတင်ပြီး လျှောက်ထားခွင့်ပေးကြောင်း နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
“အခု မြစ်ကြီးနားအခြေအနေက ဘာမှန်းမသိရသေးတော့ ရုံးဖွင့်ပြီးလုပ်မပေးနိုင်တာပါ။ အွန်လိုင်းကနေလျှောက်ထားတဲ့သူအားလုံးကို မန္တလေးရုံးမှာပဲ ပေါင်းလုပ်ခိုင်းလိုက်တဲ့သဘောပါပဲ” ဟု ပါဂျောင်မီဒီယာကို ပြောကြားခဲ့သည်။ “ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ .. ဒီမှာ မလုပ်ပေးနေတာမဟုတ်ဘူး .. အင်တာနက်မှ ရမနေတာ .. အခုက လာလျှောက်တဲ့သူ အားလုံးကို ပြောထားတယ် ... ဒီမှာ တိုကင် ကတော့ရပီ .. အင်တာနက်ရတဲ့အထိ စောင့်နိုင်ရင်စောင့် မဟုတ်ရင် မန္တလေးမှာ သွားရောက်လျှောက်ထားနိုင်တယ် ... အက်မှာ ဆိုရင် ပိုမြန်တယ်” .. ဟု ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တစ်ခုလုံးသည် လွန်ခဲ့သော ဇူလိုင်လ ၂၁ရက်နေ့မှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားသောကြောင့် passportရုံးများလည်း လည်ပတ်နိုင်ခြင်းမရှိပဲ ရပ်နားထားခဲ့ရကြောင်း သိရပါသည်။
ထို့အပြင် လားရှိုးရုံးခွဲတွင် ဇူလိုင်လ ၅ရက်နေ့မှ စတင်ပြီးရက်ချိန်းရထားသူများအနေဖြင့် ရန်ကုန် သို့မဟုတ် တော်ကြီးရုံးများတွင် လုပ်ဆောင်ပေးမည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဩဂုတ်လ ၁၃ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ပတ်စ်ပို့လျှောက်ထားခြင်းကို လူကိုယ်တိုင်တန်းစီရသောစနစ်မှ အွန်လိုင်းရက်ချိန်းစနစ်အဖြစ်သို့ ပြီးခဲ့သည် မေလ ၁ရက်နေ့က စတင်ပြောင်းလဲခဲ့ပြီး www.passport.gov.mm ဝက်ဆိုဒ်တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ကြေညာထားပါသည်။
အွန်လိုင်းမှတစ်ဆင့် လျှောက်ထားသူများသည် QRစနစ်ဖြင့် ရက်ချိန်းများရယူရပြီး နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်း သို့မဟုတ် သက်တမ်းတိုးရန် လျှောက်ထားခြင်းအတွက် ငွေကျပ် ၃သောင်းခွဲ ပေးဆောင်ရပါသည်။ သို့သော်လည်း မြစ်ကြီးနားရုံးခွဲတွင် ငွေကြေးတိုးကောက်မှုများ ရှိနေကြောင်း လျှောက်ထားသူအချို့ထံမှတစ်ဆင့် ကြားသိရပါသည်။
လျှောက်ထားသူမှ “ ကျွန်မတို့က စောင့်နေတာ .. ပိုက်ဆံလည်းပေးရတယ် .. ပြီးရင် ခုကျတော့ မန္တလေးမှာ သွားလုပ်ရမယ်ဆိုတော့ လေယာဥ်ခနဲ့ ပိုကုန်ဖို့ပဲ ရှိတော့တယ် .. ဟိုမှာကလည်း အသိအကျွမ်းမရှိဘူး .. တည်းခိုခန်းခတွေကော ပိုကုန်မှာဟုတ်တယ်..” ဟု ပါဂျောင်မီဒီယာသို့ ပြောကြားလာသည်။
အွန်လိုင်းရက်ချိန်းရယူသူများအနေဖြင့် အိမ်ထောင်စုနှင့် မှတ်ပုံတင်မူရင်းအပြင် UID (Unique Indentification Number) လိုအပ်ပါသည်။ ၎င်းမရှိပါက နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက မတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်ပျက်စီး၊ ပျောက်ဆုံးလျှောက်ထားပါက ငွေကျပ် ၉၁၀၀၀နှင့် ပြည်ပနိုင်ငံတွင် ပျောက်ဆုံးသည်ကို လျှောက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၄၀နှင့် ငွေကြေးတန်ဖိုးကို ပေးဆောင်ရမည်ဖြစ်ပြီး ဝက်ဆိုဒ်တွင် KBZ Pay နှင့်MPU Card တို့ဖြင့် ငွေပေးချေရပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အမျိုးအစား (၉)မျိုးရှိပါသည်။ စီးပွားရေးပတ်စ်ပို့ Business Passport (PB)၊ မှီခိုပတ်စ်ပို့ Dependent Passport (PT)၊ အလုပ်အကိုင်ပတ်စ်ပို့ Job Passport (PJ)၊ ဘာသာရေးပတ်စ်ပို့ Religious Passport (PR)၊ သင်္ဘောသားပတ်စ်ပို့ Seaman Passport (PS)၊ ကျောင်းသားပတ်စ်ပို့ Student Passport (PE)၊ အလည်ပတ်စ်ပို့ Visit Passport (PV)၊ သံတမန်ပတ်စ်ပို့ Diplomatic Passport (PD)နှင့် အစိုးရဝန်ထမ်းပတ်စ်ပို့ Official Passport (PO) တို့ဖြစ်ပါသည်။
Comments