top of page

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်များမှ လမ်းမကြီးပေါ်နှင့် လမ်းဆုံလမ်းခွများတွင် နေရာယူကာ စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်သားများက စစ်ဝတ်စုံအပြည့်ဖြင့် လက်နက် ကိုင်ဆောင်ကာ ဖြတ်သွားဖြတ်လာ ယာဉ်များကို စစ်ဆေးမေးမြန်းမှုများ အတင်းအကြပ် လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဖေဖော်ဝါရီ ၁၉ရက်နေ့ ည(၇)နာရီခွဲအချိန်ခန့်တွင်လည်း ရွှေစက်လမ်းမပေါ်တွင် မောင်းနှင်နေသော ကုန်ပစ္စည်းတင် Noah အမျိုးအစား လိုင်းကားကို X-Trail အိမ်စီးကား စီးနှင်းလာသော စစ်သားများက စစ်ဝတ်စုံအပြည့်ဖြင့် ရွှေစက်ဓာတ်ဆီဆိုင်အရှေ့တွင် ပိတ်ရပ်ကာ သေနတ်ထောက် စစ်ဆေးမေးမြန်းနေခဲ့ကြောင်း သိရသည်။


”ပစ္စည်းတွေအပြည့်တင်ထားတဲ့ လိုင်းကားရှေ့မှာ X-Trail အမျိုးအစားအိမ်စီးကားက လမ်းမပေါ်မှာ ပိတ်ရပ်လိုက်တော့ တစ်ခုခုတော့ဖြစ်တော့မယ်လို့ ထင်နေတာ။ တစ်ကယ်ပဲ အဲ့ဒီအိမ်စီးကားထဲက စစ်ဝတ်စုံအပြည့်နဲ့ သေနတ်တွေကိုင်ထားတဲ့စစ်သားတွေ ၅ယောက်လောက် ဆင်းလာတာ။ ပြီးတော့ ယာဉ်မောင်းကို ကားပေါ်ကဆင်းခိုင်းပြီး စစ်ဆေးနေတာ တွေ့လိုက်တယ်။ သူတို့ဘာသတင်းရလို့ စစ်ဆေးတာလဲတော့ မသိဘူး။ အဲ့ဒီလိုင်းကားရဲ့ယာဉ်မောင်းကို ပလန စစ်တပ်ဂိတ် ရှိတဲ့ဘက်ကို ခေါ်သွားတာတော့ တွေ့လိုက်တယ်။” ဟု ဒေသခံ မျက်မြင်တစ်ဦးက ပြောသည်။


ထို့အပြင် ပြီးခဲ့သည့် ဒုတိယပတ်ခန့်မှာလည်း ကျောင်းသားများပါသည့် ဘုရားကျောင်းသွားကားကို Ipsum အိမ်စီးကား စီးလာသော စစ်သားများက စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်အစပ်မှလမ်းဆုံမီးပွိုင့်အကျော်တွင် တားဆီးစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


 “အိမ်စီးကားနဲ့ ကလေးတွေစီးတဲ့ကားရှေ့မှာပိတ်ရပ်ပြီး ကားထဲကနေ စစ်သားတွေ သေနတ်တွေ ကိုင်ပြီးဆင်းလာတာ။ ကြယ်အပွင့်နဲ့ စစ်ဗိုလ်လည်းပါတယ် ၅ယောက်လောက်ရှိတယ်။ ယာဉ်မောင်းကို စစ်နေတာ 'နင်တို့ကိုစောင့်ကြည့်နေတာကြာပြီ။ ဘာအလုပ်လုပ်တာလဲ၊ ဘယ်သွားကြမှာလဲ'ဆိုပြီး။ ယာဉ်မောင်းတဲ့ တစ်ယောက်က စကားနည်းနည်းပြောတတ်တော့ 'ဘုရားကျောင်းပဲသွားမှာ ဘယ်မှမသွားဘူး'ဆိုပြီး ပြောနေတာ။ အဲ့တာနဲ့ အဲ့စစ်သားတွေက 'မယုံဘူး' ဆိုပြီး 'ဘုရားကျောင်းရောက်တဲ့အထိ လိုက်မယ်' ပြောပြီး ကားနှစ်စီးထွက်သွားကြတာပဲ။” ဟု နောက်ထပ်မျက်မြင်တစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်များမှာ လမ်းမကြီးပေါ်နှင့် လမ်းဆုံလမ်းခွများတွင် နေရာယူကာ စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်တတ်သည့်အပြင် ယခုနောက်ပိုင်း အိမ်စီးကားများဖြင့် ရှောင်တခင် ပိတ်ရပ်စစ်ဆေးမှုများပါ လုပ်ဆောင်လာသည်ဟု ဆိုသည်။


စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ စတင်အကောင်အထည်ဖော်လာချိန်မှစပြီး ကချင်ပြည်နယ်အနှံ့ရှိ လူငယ်များ ပျေက်ဆုံးမှုနှင့် စစ်သားများ၏ နေရာအနှံ့ ရှောင်တခင်စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများမှာ မကြာခဏ ဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့် ဒေသခံများမှာ လုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြရသည်ဟု ဆိုသည်။


သတင်း - အန်ဒီ


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page