top of page

မြစ်ကြီးနားမြို့တွင်း စက်သုံးဆီဈေးနှုန်းများ မကျဆင်းဘဲ မြင့်တက်နေဆဲ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၊ ၈၊ ၂၀၂၄



စစ်ကိုင်း-ကချင်အစပ်နှင့် ဝိုင်းမော်-ကန်ပိုင်တည် လမ်းမကြီးတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် အကောက်ခွန်များ အဆမတန် ကောက်ခံသောကြောင့် မြစ်ကြီးနားမြို့တွင်း စက်သုံးဆီဈေး မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။


ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမေးမြန်းပြီး အကောက်ခွန်ကိုတော့ ယခင်ထက် ပိုမိုကောက်ခံသောကြောင့် စက်သုံးဆီဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်နေဆဲ ဖြစ်သည်ဟု ကားသမားတစ်ဦးက ပြောသည်။


လက်ရှိမှာတော့ မြစ်ကြီးနားမြို့တွင်း စက်သုံးဆီ တစ်လီတာကို ၆,၀၀၀ကျပ်မှ ၆,၉၀၀ကျပ်အထိ မြင့်တက်နေဆဲ ဖြစ်သည်။


မြစ်ကြီးနားမြို့တွင် ဇွန်လကုန်ပိုင်းကတည်းက မိုးကြီးရေလျှံဖြစ်ခဲ့ပြီး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရချိန်မှစ၍ စက်သုံးဆီအပါအဝင် ကုန်စည်ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်မှာ ယနေ့အချိန်ထိ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်ဟု သိရသည်။


ပြီးခဲ့သည့် ဇူလှိုင်လပိုင်းတွင်လည်း စစ်ကိုင်းကချင်အစပ် နန့်စီးအောင်ကျေးရွာမှ စစ်ကောင်စီတပ်ဂိတ်တွင် စက်သုံးဆီတင်ကားများကို ဖြတ်သန်းခွင့် ပိတ်ပင်ထားခဲ့ပြီး၊ သိန်း၂၀၀အခွန်ပေးဆောင်သည့် ဆီဘောက်ဆာကားများကိုသာ ဖြတ်သန်းခွင့် ပေးခဲ့ဖူးကြောင်းနှင့် အချို့မှာတော့ ကချင်ပြည်နယ်ထဲကို ဆိုင်ကယ်ကယ်ရီများဖြင့် သယ်ယူရောင်းချခဲ့ကြသည်ဟု ဆိုသည်။


လက်ရှိ မြစ်ကြီးနားမြို့ အပါအဝင် ကချင်တစ်ပြည်နယ်လုံး ဖုန်းအဆက်အသွယ်နှင့် အင်တာနက်လိုင်းများအားလုံး ပိတ်ပင်ခံထားရပြီး အဆက်အသွယ်များ ခက်ခဲနေသည့်အပြင် စက်သုံးဆီနှင့် ကုန်စည်ဈေးနှုန်းများလည်း တစ်ရက်ပြီးတစ်ရက် ပိုပိုမြင့်တက်လာသောကြောင့် ပြည်သူများမှာ အကြပ်အတည်းဖြစ်နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page