ပါဂျောင်မီဒီယာ
၁၆၊ ၈၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_283fa06a55e543caa9b67c5e384c5ae4~mv2.jpg/v1/fill/w_273,h_184,al_c,q_80,enc_auto/c187ce_283fa06a55e543caa9b67c5e384c5ae4~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ကျပ်တစ်သောင်းနီးပါးအထိ တစ်ဖန်ပြန်လည် မြင့်တက်လာသည်ဟု မြို့ခံများပြောပြချက်အရ သိရသည်။
ကချင်ပြည်နယ်အတွင်း ဝင်ရောက်သည့် စက်သုံးဆီများမှာ စစ်ကိုင်း-ကချင်အစပ်နှင့် ဝိုင်းမော်-ကန်ပိုင်တည်လမ်းဘက်မှ အဓိကဝင်ရောက်လေ့ရှိသည်။
သို့ပေမယ့် ဝိုင်းမော်-ကန်ပိုင်တည်လမ်းကြောင်းဘက်မှ ဝင်ရောက်သည့် စက်သုံးဆီများမှာ တရုတ်ငွေဈေးမြင့်တက်သည့်အပြင် လမ်းတစ်ကြောရှိ စစ်ဆေးရေးဂိတ်များတွင် ပေးဆောင်ရသည့်အကောက်ခွန်ကြေးများ များပြားသလို၊ စစ်ကိုင်း-ကချင်အစပ်လမ်းကြောဘက်မှ ဝင်ရောက်သည့် ဆီဘောက်ဆာကားများကိုတော့ နန့်စီးအောင်ဂိတ်တွင် ဖြတ်သန်းခွင့်မပြုပဲ ရက်တော်တော်ကြာသောင်တင်နေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေးနှုန်းများ တစ်ဖန်ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာတော့ ဆီဘောက်ဆာကားတွေ အများကြီး ရပ်ထားတာတွေ့ရတယ်။ ဆီကားတွေ ရပ်ထားတာလည်း တော်တော်ကြာပြီ။ အဲ့ဒီက ဆီကားတွေကို မဖြတ်ခိုင်းဘူးဆိုတာလည်း ဆီဘောက်ဆာကားတွေ မရှိတော့ရင် နန့်စီးအောင်ဂိတ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခံရမှာကို ကြောက်လို့ မဖြတ်ခိုင်းတဲ့ သဘောရှိတယ်။” ဟု နန့်စီးအောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိမြစ်ကြီးနားမြို့တွင်းရှိ ဓါတ်ဆီပန့်ဆိုင်ကြီးများတွင် စက်သုံးဆီတစ်လီတာလျှင် ၆,၅၀၀ကျပ်မှ ၆,၈၅၀ကျပ်နှင့် လမ်းဘေးဆီပန့်ဆိုင်အသေးများမှာတော့ တစ်လီတာကို ၇,၁၀၀ကျပ်မှ ၇,၅၀၀ကျပ်အထိ မြင့်တက်လာနေပြီး၊ မြစ်ကြီးနားမြို့တွင်းရှိ ဆီပန့်ဆိုင်အများစုမှာ ဆီကုန်သွားသောကြောင့်ဟုဆိုကာ ပိတ်ပင်ထားသည်မှာလည်း ယနေ့အထိဆိုလျှင် နှစ်ရက်အထိ ရှိနေပြီဖြစ်သည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့သို့ ဝင်ရောက်နေသည့် စက်သုံးဆီများမှာ ဝိုင်းမော်-ကန်ပိုင်တည်လမ်းကြောင်းဘက်မှ ဝင်ရောက်သည့် စက်သုံးဆီများသာဖြစ်ပြီး၊ တရုတ်ငွေ ယွမ်၁၀၀လျှင် မြန်မာကျပ်ငွေ ရှစ်သောင်းခွဲအထိ မြင့်တက်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေးနှုန်းမြင့်တက်နေသည့်အပြင် ကုန်ပစ္စည်းများလည်း ယခင်ထက် ပိုမိုမြင့်တက်နေပြီး၊ အဆက်အသွယ်များလည်း ခက်ခက်ခဲခဲ ဆက်သွယ်နေကြရသလို အဘက်ဘက်မှလည်း ခက်ခဲနေကြကြောင်း ထပ်မံသိရှိရသည်။
Comments