top of page

မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ပြည်သူအများအပြား ရေဘေးဒုက္ခ ကြုံနေရ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေမြို့ အပါအဝင် မြို့နယ်တော်တော် များများနေရာများတွင် ရေကြီးရေလျှံမှုဖြစ်ကာ ပြည်သူအများစု ရေဘေးဒုက္ခကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။


မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀စင်တီမီတာထက် ကျော်လွန်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးအရာရှိမှ ထုတ်ပြန်ထားသည်။


ကချင်ပြည်နယ် အထက်ပိုင်းဒေသ ချီဖွေ၊ ဆော့လော်ဒေသများတွင် မိုးအဆက်မပြတ် ရွာသွန်းနေသည်မှာ ရက်သ္တပတ်ခန့်ကြာမြင့်နေပြီး တောင်ကျရေကြောင့် ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သောကြောင့် လက်ရှိမြစ်ကြီးနားမြို့တွင် ပြည်သူများ ရေဘေးဒုက္ခကြုံနေရခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


လက်ရှိမှာတော့ မြစ်ကြီးနားမြို့ရှိ မြေနိမ့်ရပ်ကွက်အချို့များတွင် ရေဝင်ရောက်နေပြီဖြစ်ပြီး၊ ပြည်သူများမှာ ရေဘေးဒုက္ခကြုံတွေ့နေရသည့်အပြင်၊ မြစ်ရေမြင့်တက်မှုနှုန်းမှာ တစ်နာရီအတွင်း ၂လက်မခန့်ထက်မနည်း မြင့်တက်‌နေဆဲဖြစ်သည်ဟု ဆိုသည်။


မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ပြည်သူတစ်ဦးမှာ ”အခုကျနော်တို့ စီတာပူရပ်ကွက်မှာတော့ အကုန်ရေကြီးကုန်နေပြီး၊ ကျနော်တို့ဆို အိမ်အောက်ပိုင်းမှာ အကုန်ရေဝင်နေပြီး မြင့်တက်နေတာဆိုတော့ အိမ်ပေါ်မှာပဲ နေနေကြတယ်။ ဒီထက်ကြီးလာရင်တော့ ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။


မြို့သစ်ကြီးရပ်ကွက်မှ ပြည်သူအချို့များမှာ နေအိမ်အတွင်း ရေဝင်ရောက်လာကာ ပိတ်မိနေသူများလည်း ရှိခြင်းကြောင့် အကူအညီတွေ လိုအပ်နေကြောင်းလည်း ထပ်မံသိရသည်။


 မြစ်ကြီးနားမြို့မှာ ဇွန်လ၂၉ရက်နေ့ကတည်းက ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး၊ ၂ရက်တာအတွင်း ရပ်ကွက်အများစု ရေဝင်ရောက်ကာ ရွေ့ပြောင်းနေထိုင်ကြရခြင်းဖြစ်သည်။


မြစ်ကြီးနားမြို့မှ မြေနိမ့်ရပ်ကွက်များဖြစ်သည့် ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ရမ်ပူ၊ မြေမြင့်ကွက်သစ်၊ မြို့သစ်ကြီး၊ စီတာပူ၊ စက်မှုဇုန်နှင့် ဝိုင်းမော်မြို့၊ ချီဖွေမြို့ စသည့်ဒေသများတွင် ရေဝင်ရောက်ခြင်းကြောင့် လူမှုကူညီရေးအသင်းမှ လိုက်လံပြောင်းရွှေ့ပေးနေကြသူများလည်း ရှိကြသကဲ့သို့ အချို့မှာ ကိုယ်ထူကိုယ်ထ ရွေ့ပြောင်းနေထိုင်ကြသူများလည်း ရှိကာ၊ နေအိမ်အများအပြား ရေနှစ်မြုပ်သွားကြောင်း သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page