ပါဂျောင်မီဒီယာ။
၁၈ရက်၊နိုဝင်ဘာ၊၂၀၂၄။
မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ ငွေကြေးကောက်ခံသည့် ဂိတ်များအလွန်များပြားသောကြောင့် ယာဉ်လိုင်းအသုံးပြုနေရသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအတွက် အခက်အခဲ ဖြစ်နေကြောင်း ကားသမားများထံမှသိရသည်။
"မြစ်ကြီးနားကနေကားဘီးစလှိမ့်ပြီဆိုတာ နဲ့ ဧရာ ဝဏ်ဆီဆိုင်နားကနေစပြီး တဂိတ်စပြီ၊ပိုက်ဆံတောင်း ပြီ ၊ မြစ်ကြီးနားကထွက်တာနဲ့ နန်းကွေ့တံတား မှာတဂိတ်၊ မြစ်ကြီးနားတိုးဂိတ်မှာက ၆ဂိတ်၊အကျဲတောင်ထိပ်မှာ၁ဂိတ်၊ ၂၁မိုင်ဂိတ်မှာက၅ဂိတ်၊နမ္မတီးမှာ၂ဂိတ်၊မိုးကောင်းမှာ၆ဂိတ်၊ဆားမှော်၁ဂိတ်၊တောင်နီ၁ဂိတ်၊ ပင်းဘော၁ဂိတ်၊ နန်းခွင်၁ဂိတ်၊ ကြာကြီးကွင်း၁ဂိတ်၊ ဟိုပင်အဝင်တိုးဂိတ်၊စုစုပေါင်း၂၂နေရာ ဂိတ်ကြေးပေးရတယ် ၊မိုးညှင်းရောက်ဖို့၃၅၀၀၀လောက်ကုန်တယ်၊ ဆီက ဈေးကြီးတာနဲ့ဆိုတော့ ကားပြင်ရရင် ပိုဆိုး ၊ နိုင်ငံရေးမကောင်းတော့လုပ်စားရတာ အဆင်ကိုမပြေဘူး"ဟု မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။
မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်းတွင်ငွေကြေးကောက်ခံနေကြသော ဂိတ်များသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များဖြစ်ပြီး ခရီးသည်များအား မှတ်ပုံတင်စစ်ရာတွင် ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုများရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။
"ကျွန်မက မြစ်ကြီးနားကနေ မိုးညှင်းက အမျိုးတွေဆီကို ခဏအလည်သွားတာ၊မိုးကောင်းအဝင်မှာ မှတ်ပုံတင်အစစ်ခံရတယ်၊သူတို့က စကားပြောတာရိုင်းစိုင်းတယ် ၊ သူတို့စကားပြောတဲ့ပုံစံက အမျိုးသမီးတွေကို မလေးမစားတဲ့ပုံစံနဲ့ ပြောတာ ၊အသက်ကအစလိုက်မေးတယ် ၊ကျောင်းမနေဘူးလားလဲမေးတယ် ၊မဆိုင်တာတွေလိုက်မေးနေတာ မိန်းကလေးဆိုရင်ကို ပြီတီတီရုပ်နဲ့ ကြည့်ပြီ၊ အခုဆိုရင် မြစ်ကြီးနား -မိုးညှင်း ၁၀၅မိုင်ဘဲဝေးတာကို ကားခက ၆သောင်းပေးပြီးစီးနေရတာမို့ တစ်ခါသွားဖို့တောင် ကားခနဲ့မလွယ်ဘူး"ဟု အသက်၂၈နှစ်အရွယ် ခရီးသွားအမျိူးသမီးက ပြောသည်။
ကုန်ကားနှင့်ဆီသယ်ယာဉ်များအား ကားတစ်စီးလျှင် ငွေကျပ်၃သောင်းမှ ၅သောင်းထိ ကောက်ခံပြီး မြို့အဝင် ဘီးခွံဂိတ်တွင် ဘီးခွံ ၅ထောင်ကျပ် ကောက်ခံနေကြောင်းလည်းသိရသည်။
ကချင်ပြည်သား
Comments