ပါဂျောင်မီဒီယာ
၄ရက်၊ ဧပြီလ၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_06bf946438744698bd075da1444e7bea~mv2.jpg/v1/fill/w_960,h_720,al_c,q_85,enc_avif,quality_auto/c187ce_06bf946438744698bd075da1444e7bea~mv2.jpg)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးတို့ ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်ဖြင့်ပစ်ခံရပြီး မောင်းနှင်သူအမျိုးသားမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်(၈) တက္ကသိုလ်လမ်းအနောက်ဘက်ခြမ်းတွင် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်က ဆိုင်ကယ်တစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး မောင်းနှင်သူ အသက်(၅၀) ဝန်းကျင်အမျိုးသားမှာ လည်ပင်းကျည်တစ်ချက်ဒဏ်ရာ နှင့် ဘယ်ဘက်ခြမ်းပါးကွဲကာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး၊ ဆိုင်ကယ်အနောက်မှလိုက်ပါလာသူ အမျိုးသမီးမှာမူ ကျောကုန်း မှ ဘယ်ခြမ်းရင်အုံပေါက်ထွက်ဒဏ်ရာဖြင့် မြစ်ကြီးနားဆေးရုံကြီးသို့ပို့ဆောင်ခံရကာ ဆေးရုံရောက်ပြီး (၁)နာရီ ခန့်အကြာတွင်သေဆုံးသွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနားမြို့အဖွဲ့၏ ဖေ့ဘုတ် စာမျက်နှာ ဖော်ပြချက်မှအရ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှင့် အမျိုးသမီးအား အမည်မသိလူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းကိစ္စကြောင့် ပစ်ခတ်ခံရသည်ကို မသိရကြောင်း ရပ်ကွက်နေဒေသခံတစ်ဉီးထံမှသိရသည်။
“သေနတ်သံ (၄)/(၅) ချက်လောက်ဆက်တိုက်ကြားလိုက်ရတော့ ဗလမင်းထင်တံတားဘက်စစ်ဖြစ်နေပြီ လို့တောင်ထင်သွားတယ်။ အိမ်ရှေ့က ညီမလေးတစ်ယောက် လန့်ပြီးအော်ငိုလိုက်တဲ့အသံကြားလို့ သွားထွက်ကြည့်တဲ့အချိန် ဆိုင်ကယ်နဲ့လူနှစ်ယောက် လမ်းဘေးမှာ သွေးတွေနဲ့လဲနေပြီ။ သေနတ်နဲ့ပစ်သွားတဲ့သူတွေကို မမြင်လိုက်ရတော့ ဘယ်သူတွေ ပစ်သွားမှန်းမသိလိုက်ဘူး” ဟု အခင်းဖြစ်ပွားရာအနီးဝန်းကျင်မှ ဒေသခံတစ်ဉီးက Pajau Media သို့ပြောသည်။
ထို့အပြင် ရပ်ကွက်နေ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ပစ်ခတ်ခံရသူ အမျိုးသားနှင့် အမျိုးသမီးမှာ စိုက်ခင်းသို့ သွားနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ပြီး တစ်ချို့ဒေသခံများ၏အဆိုအရ လုယက်မှုဖြစ်နိုင်သည်ဟု ပြောဆိုနေကြသော်လည်း Pajau Media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
မျက်မြင်တစ်ဉီး၏ပြောကြားချက်အရ “လုယက်မှုလို့တော့ပြောတာပဲ။ ဒါပေမဲ့ သူတို့ အိတ်ထဲမှာ ပါတဲ့ သိန်း (၁၀၀)ကျော်က မပါသွားပဲ ဖုန်းတွေပဲယူသွားတာဆိုတော့ ဘာလို့ အပစ်ခံရတာလဲဆိုတာ ကျွန်တော်တို့လည်းမပြောတတ်ဘူး။ သူတို့ဆိုင်ကယ်ပေါ်က ပစ္စည်းတွေအရတော့ စိုက်ခင်းသွားတဲ့ ပုံပဲ” ဟုပြောသည်။
ထိုပစ်ခတ်ခံခဲ့ရသည့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသားမှာ အပစ်ခံရသည့်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဆိုင်ကယ်အနောက်မှ စီးနှင်းလိုက်ပါသူအမျိုးသမီးမှာလည်း ဒဏ်ရာပြင်းထန်စွာရကာ ဆေးရုံသို့ပို့ဆောင်ပြီး (၁)နာရီအကြာတွင် သေဆုံးသွားခဲ့သော်လည်း လက်ရှိအချိန်အထိ လူနာရှင်များဘက်မှ အဆက်အသွယ်မရရှိသေးကြောင်းသိရသည်။
မြစ်ကြီးနားမြို့ အတွင်း ဓားထောက်လုယက်မှု နှင့် သေနတ်ပစ်လုယက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး လွန်ခဲ့သော မတ်လ(၁၀)ရက်နေ့တွင်လည်း တပ်ကုန်းဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ Mytel ရုံးရှေ့တွင် လူငယ်တစ်ဦးလက်ကြိုးတုပ်ကာ ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိခဲ့သည့်ဖြစ်စဥ်လည်းရှိခဲ့ဖူးသည်။
Kommentare