ပါဂျောင်မီဒီယာ
ဇွန်လ၊ ၃ရက် ၊ ၂၀၂၄ ခုနှစ်။
ပူတာအိုခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့်မတ်လဆန်းပိုင်းကတည်းက မြစ်ကြီးနား-ပူတာအို လမ်းပိတ်လိုက်ခြင်းကြောင့် နှစ်စဉ်နှစ်တိုင်းပူတာအိုဒေသခံများ၏ တစ်ဖက်တစ်လမ်းဝင်ငွေတစ်ခုဖြစ်ခဲ့သည့် ပူတာအိုထွက် ဂရိတ်ဖရုသီးအရောင်းဈေးကွက်သည်လည်းရပ်တန့်သွားခဲ့ပြီး ဒေသခံများ၏ ဝင်ငွေဆုံးရှုံးမှုအများအပြားဖြစ်နေရကြောင်း သိရှိရသည်။
"ဒီနှစ်ထဲမှလှောင်ထားတဲ့ ဂရိတ်ဖရုသီးတွေကအားလုံးအရှုံးပေါ်နေပြီ၊အလုံးသောင်းကြီးပိုင်း ဝယ်ပြီးမှလှောင်ထားတာမြစ်ကြီးနားကိုပို့လို့လည်းမရ၊ဒီမှာလည်းရောင်းလို့မထွက်ဘူးဖြစ်သွားပြီ။ ကျွန်မတို့ကဝယ်တုန်းတစ်လုံးကို(၄၀၀)ကျပ်နှုန်းနဲ့ဖောက်သည် ဈေးနဲ့ဝယ်ထားရတယ်၊အခုတော့ရောင်းတောင်မရောင်းရတော့ဘူး။အားလုံးပုပ်လာပြီ၊ဒီနှစ်တော့အားလုံးရှုံးကုန်ပြီ"ဟုဂရိတ်ဖရုသီးကုန်သည်တစ်ဦးကပြောသည်။
ပူတာအိုဒေသမှထွက်သည့် ဂရိတ်ဖရုသီးများကိုမြစ်ကြီးနားမြို့သို့အဓိကပို့ဆောင်ရောင်းဝယ်လေ့ရှိပြီး ကြီးနားမြို့တွင်ယခုနှစ်အတွင်းပူတာအို ဂရိတ်ဖရုသီးတစ်လုံးလျှင် ကျပ်တစ်ထောင်မှ တစ်ထောင့်ငါးရာကျပ်အထိဈေးပေါက်နေပြီဖြစ်သည်ဟုဆိုသည်။နှစ်စဉ်နှစ်တိုင်းပူတာအိုဒေသထွက် ဂရိတ်ဖရုသီးတန်ချိန်အလိုက်ပို့ဆောင်ရောင်းဝယ်ဖောက်ကားနိုင်ခဲ့သော်လည်းယခုနှစ်တွင်လေကြောင်းလိုင်းတခုသာရှိနေပြီဖြစ်၍ အသီးများမြစ်ကြီးနားသို့ပို့လို့မရတော့ဘဲပျက်စီးဆုံးရှုံးမှုအများအပြားရှိနေပြီဖြစ်ကြောင်းဆိုသည်။
"အရင်ကဆို ဂရိတ်ဖရုသီတွေသုံး၊လေးလလောက်သိုလှောင်ထားပြီးမှပြန်ရောင်းရင်ဈေးကောင်းရတယ်၊စစပေါ်ချိန်ဆိုတစ်လုံးသုံးရာကျပ်လောက်ရတယ်ဆိုရင် လေးလလောက်လှောင်ထားပြီးမှပြန်ရောင်းရင်တစ်ဆကျော်လောက်ရတာဟုတ်တယ်ဒီနှစ်တော့ အားလုံးအရှုံးတွေကြီးပဲဖြစ်သွားပြီ၊အရင်နှစ်တွေဆိုမရဘူးဆိုရင်တောင်လယ်လုပ်မယ့်ကုန်ကျစာရိတ်လေးတော့ကာမိတာဒီနှစ်တော့ဘာမှမရှိတော့ဘူးဟု"ပူတာအိုဒေသခံ ဂရိတ်ဖရုခြံပိုင်ရှင်တစ်ဦးကဆိုသည်။
ပူတာအိုဒေသထွက် ဂရိတ်ဖရုသီးကိုဒီဇင်ဘာ၊ ဇန်နဝါရီလတွင်းကောက်ကြရပြီး မေလကုန်အထိ ရောင်းဝယ်ကြသည့် ဒေသထွက်သီးနံတစ်မျိုးဖြစ်ရာ ယခုနှစ်တွင်အရောင်းဈေးကွက်မရှိတော့သည်ဖြစ်၍ ဒေသအတွင်းသိုလှောင်ထားကြသည့် အသီးများအားလုံး ပျက်စီးဆုံးရှုံးနေပြီဖြစ်ကြောင်းဆိုသည်။ လက်ရှိအချိန်အထိ မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ထားသည်မှာ သုံးလကျော်အထိရှိလာပြီဖြစ်၍ ကုန်စည်စီးဆင်းမှုလုံးဝ ရပ်တန့်သွားပြီဖြစ်ရာ ပူတာအိုဒေသခံပြည်သူများ အဖက်ဖက်မှအခက်ခဲမျိုးစုံ ကြုံတွေ့နေကြရပြီဖြစ်ကြောင်းသိရှိရသည်။
သတင်း-မလိခူး
Comments