ပါဂျောင်မီဒီယာ
၂၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_203dd18ec1da4d9daf8d3357da2eb5ff~mv2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/c187ce_203dd18ec1da4d9daf8d3357da2eb5ff~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ရောင်းချနေသည့် အစိုးရပိုင်မဟုတ်သည့် ဆေးဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ အားလုံးကို လုံခြုံရေးအရ ပိတ်ပင်ထားလိုက်ကြောင်း သိရသည်။
ဆေးရုံဝန်းအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များကို ပိတ်ပင်တားမြစ်လိုက်သည်နှင့် ပတ်သက်၍ ဆေးရုံတွင် အလုပ်လုပ်ကိုင်သူတစ်ဦးကို မေးကြည့်ရာ ယခုလို ပြောပြသည်။
“အကြောင်းအရာ မယ်မယ်ရရတော့ မသိရဘူးဗျ။ ဆိုင်တွေကိုတော့ လုံခြုံရေးအရလို့ပြောပြီး ပိတ်ခိုင်းလိုက်တာ လို့ပဲကြားတယ်။ ဆိုင်ကယ်တွေကလဲ တစ်ရက်ကို တစ်စီးလောက်ကို ခိုးခံနေရတာတွေလဲ ပါမယ်ထင်တယ်၊ အခုဂိတ်ထိုင်လိုက်ပြီး ဝင်ပေါက်နဲ့ ထွက်ပေါက်ကို တစ်ခုထဲထားလိုက်တော့ ဆိုင်ကယ်ပျောက်တာတော့ သိပ်မကြားရတော့ဘူး'' ဟု ပြောသည်။
နောက်ထပ်ဆေးရုံဝန်ထမ်းတစ်ဦး ပြောပြချက်အရ မည်သည့်အကြောင်းအရင်းကြောင့် ပိတ်ပင်လိုက်သည်ကို မသိရပေမယ့် လုံခြုံရေးအရဟုပြောဆိုကာ ပိတ်ပင်လိုက်ခြင်းကြောင့် လက်ရှိမှာ ဆေးရုံအတွင်း အစိုးရပိုင်မဟုတ်သည့် ဆိုင်ငယ်များ မရှိတော့သည့်အပြင် ဆေးရုံကြီး၏ ဝင်ပေါက်နှင့် ထွက်ပေါက်သည်လည်း တစ်ခုသာ အသုံးပြုခြင်းကြောင့် သူခိုးရန်မှ အများကြီး ကာကွယ်ပေးသလို ဖြစ်နေသည်ဟု ပြောသည်။
ဆေးရုံအတွင်း ဖွင့်လှစ်သည့် ဆိုင်ငယ်များ ရပ်နားထားလိုက်ခြင်းကြောင့် လုံခြုံရေးအတွက် အဆင်ပြေချောမွေ့လာပေမယ့် အဝေးမှ လာရောက် ကုသရသည့် ပြည်သူများအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်ဟု နောက်ထပ်အမျိုးသမီးတစ်ဦးက ထပ်မံပြောပြခဲ့သည်။
"မြို့ပေါ်က လူတွေအတွက်တော့ မပြောတတ်ဘူး၊ ကျွန်မတို့လို မြို့ပြင်ကနေ ဆေးရုံလာတက်ရတဲ့ သူတွေအတွက်တော့ ဆေးဝယ်မယ်၊ တစ်ခုခုဝယ်မယ်ဆို အပြင်ထွက်ပြီး ဝယ်ရတော့ အရင်လို သိပ်အဆင်မပြေဘူးပေါ့။”
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် မတ်လဆန်းပိုင်းမှစ၍ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်အပါအဝင် ဈေးဆိုင်၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် သုံးဘီး၊ ဆိုင်ကယ် ကယ်ရီသမားများအားလုံးကို အပြီးပိုင် ရပ်နားရန် ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Comments