ပါဂျောင်မီဒီယာ။
၉ရက်၊နိုဝင်ဘာ၊၂၀၂၄။
မြစ်ကြီးနား-တနိုင်းသွားလမ်းဖြစ်သည့် လီဒိုလမ်းမကြီး ကားလမ်းပိုင်းပျက်စီးမှုကြောင့် ကားခမှာ ယခင်သုံးသောင်းမှ ယခု လေးသိန်းနီးပါးအထိ မြင့်တက်နေပြီဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။
ကားလမ်းအခြေအနေ ဆိုးရွားမှုနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုများကြောင့် ကားခမှာ လေးသိန်းအထိ တစ်ဟုန်ထိုး မြင့်တက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ယခင်က ခရီးသည်တစ်ဦးလျှင် ကျပ်သုံးသောင်းသာ ပေးရသည့် မြစ်ကြီးနား-တနိုင်းလီဒိုလမ်းသည် ကားလမ်းပျက်စီးမှုကြောင့် စက်တင်ဘာလတွင် ကျပ်တစ်သိန်းအထိ မြင့်တက်လာခဲ့သော်လည်း အချိန်မှီပြန်လည်ပြင်ဆင်မှုများ မလုပ်နိုင်သေးသဖြင့် အောက်တိုဘာလထဲတွင် ပိုမိုဆိုးရွားလာကာ ကျပ်လေးသိန်းအထိ အဆမတန် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
မိုင်ပေါင်းတစ်ရာကျော်သာကွာဝေးသည့် မြစ်ကြီးနား-တနိုင်းသွားကားလမ်းသည် ပုံမှန်အခြေအနေတွက် ခြောက်နာရီခန့်သာ မောင်းနှင်ရသော လမ်းခရီးဖြစ်ပေမယ့် ယခုအချိန်၌ လမ်းတွင်တစ်ညသို့မဟုတ် နှစ်ညအိပ်မှသာ တနိုင်းမြို့ရောက်ပြီး၊ ကားလမ်းပျက်စီးသည့် အခြေအနေပေါ်မူတည်ကာ မည်သည့် အချိန်ရောက်မည်ကို ကြိုတင်မခန့်မှန်းနိုင်ကြကြောင်းလည်း ယာဉ်မောင်းကားသမားများက ပြောသည်။
မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမကြီး ပျက်စီးရခြင်းမှာ ပြီးခဲ့သည့် ဇူလှိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ ကားလမ်းပိုင်းများ ပျက်စီးခဲ့ရခြင်းဖြစ်ပြီး၊ ယခုအချိန်အထိ အချိန်မှီပြုပြင်နိုင်ခြင်းမရှိသေးသောကြောင့် ပျက်စီးသထက်ပျက်စီးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကားလမ်းပျက်စီးမှုကြောင့် လမ်းခရီးကြန့်ကြာကာ ကားခမြင့်တက်နေသည့်အပြင် ခရီးသွားကားများကို ဆင်များ၊ ဘူဒူဇာများအသုံးပြုပြီး ခက်ခက်ခဲခဲ ဆွဲယူနေရကြောင်းနှင့် ကားလမ်းပိုင်းပျက်စီးနေသည့် နေရာ(၁၀)ခုထက်မနည်း ရှိနေခြင်းကြောင့်လည်း ကားဆွဲခလျှင်ပင် ၁၀သိန်းနီးပါးကုန်ကျသောကြောင့် ကားခမြင့်တက်သွားကြောင်း သိရသည်။
ယခုကဲ့သို့ ကားလမ်းကြမ်းတမ်းပြီး ကားများသွားလာရန် ခက်ခဲသည့်အတွက် အဆိုပါ မြစ်ကြီးနား-တနိုင်းသွား လီဒိုကားလမ်းမကြီးအား အမြန်ဆုံး ပြင်ဆင်ပေးရန် ခရီးသွားပြည်သူများ လိုလားနေကြသည်။
သတင်း _ ရိန်ဂျာ
Comments