top of page
Writer's picturePajau Media

မြစ်ကြီးနား-တနိုင်းလမ်း သွားလာရန်ခက်ခဲနေပြီး ခရီးသည်ယာဉ် (Bus) ကားများ မထွက်နိုင်သေး

ပါဂျောင်မီဒီယာ။

၃၀ရက်၊အောက်တိုဘာ၊၂၀၂၄။



မိုးကာလကတည်းမှစ၍ တနိုင်းလမ်းဆိုးရွားစွာ ပျက်စီးနေသောကြောင့် ကားအသေးများ ခက်ခက်ခဲခဲသွားလာ နေရပြီး ခရီးသည်ယာဉ် (Bus) ကားများလက်ရှိအချိန်ထိ မသွားနိုင်သေးကြောင်း မြစ်ကြီးနား သစ္စာဧရာကားဂိတ် မှသိရသည်။


ပျက်စီးနေသည့်ကားလမ်းပိုင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန်ယူ ပြင်ဆင်ဆောင်ရွက်ပေးမှုများ မရှိသောကြောင့် ကားအသေးများသွားလာနေပေမယ့် ဆင်များ၊ဘူဒိုဇာများဖြင့်ဆွဲကာ နှစ်ည-သုံးညအိပ်ရပြီး ခက်ခက်ခဲခဲသွားလာနေရသည်ဟုဆိုသည်။


ကားအသေးများပင်လျှင် ညအိပ်ခရီးအဖြစ်သွားလာနေရသောကြောင့် လက်ရှိတွင်ခရီးသည်တင် Bus ကားများ သွားလာဖို့မဖြစ်နိုင်သေးပဲ ရပ်နားထားရသည်မှာ တစ်လနီးပါးရှိလာပြီ ဟု မြစ်ကြီးနားသစ္စာဧရာ ကားဂိတ်မှ ယခုလိုပြောသည်။


“ လမ်းကတော်တော်လေးခက်ခဲတယ် ကားလမ်းမပြင်နိုင်သေးတော့ ကားအသေးတွေတောင် ဆင်ဆွဲလိုက်၊ ဘူဒိုဇာဆွဲလိုက်နဲ့ မိုးရွာရင်တော့ သုံးလေးည အိပ်ရသေးတယ်၊ နိုဝင်ဘာလ ၁၀ ကျော်မှပဲ ခရီးသည်ကားကြီးက ထွက်နိုင်မယ်ထင်တယ်. မသေချာသေးပါဘူး၊ ” ဟုဆိုသည်။




မြစ်ကြီးနား-တနိုင်းလမ်းမှာ မိုင် ၁၀၀ ကျော်သာကွာဝေးသည့်ခရီးဖြစ်ပြီး ယခင်က ၆ နာရီသာမောင်းနှင်ရသည့်ခရီးဖြစ်သော်လည်း ဇူလိုင်လ မိုးသည်းထန်စွာ ရွာသွန်းပြီးကတည်းက တနိုင်း-လီဒို လမ်းပိုင်းဆိုးရွားစွာ ပျက်စီးနေခြင်းကြောင့် ညအိပ်ခရီး အဖြစ်သွားလာနေရခြင်းဖြစ်သည်။


လက်ရှိ ဒွန်ဘန်နှင့် ရှဒူးဇွပ်ကျေးရွာကြား၊နောင်းမီနှင့် ဝါရာဇွပ်ကြား၊ တိန်ကောက် နန်ဖြတ် နောင်းလုံကောင်ရာ လမ်းတစ်လျောက် နေရာ ၁၀ နေရာလောက်တွင် ကားလမ်းပိုင်းဆိုးရွားခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။ ယခုလို ပျက်စီးနေသည့် လမ်းပိုင်းမှ သွားလာနေရသည်မှာ ၃လနီးပါးရှိလာပြီဖြစ်ပြီး တာဝန်ရှိသူများ မှ အမြန်ဆုံးပြင်ဆင်ပေးရန်ပြည်သူများ လိုလားတောင်းတနေကြသည်။


0 views0 comments

Comments


bottom of page