top of page

မြစ်ကြီးနား စည်ပင်သာယာစျေးကြီးအပေါ်တွင် စစ်ကောင်စီတပ်များ နေရာယူရန် ပြင်ဆင်နေကြောင်း စာထုတ်ပြန်မှုများ ပြန့်နှံ့လာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၅၊ ၈၊ ၂၀၂၄



ဩဂုတ်လဆန်းပိုင်းအချိန်ကတည်းက မြို့မဈေးအပေါ်ထပ်ရှိ ဈေးဆိုင်များအားလုံးကို ပြောင်းရွှေ့ရန် ပြောကြားလာခြင်းဖြစ်ပြီး၊ ဈေးသည်များလည်း ပြောင်းရွှေ့ရန် စတင်ပြင်ဆင်နေသည်ဟု ဆိုသည်။ “ကျွန်တော်လည်း ဂဃနဏတော့ မသိဘူး၊ အခုက အလုပ်ရှင်က ပစ္စည်းတွေကို ဒီတစ်ပါတ်အတွင်း အပြီးရွှေ့ရမယ်၊ ဟိုစစ်သားတွေနေရာ လာယူမယ်လို့ ပြောထားလို့ .. အခု စျေးထဲကလူတွေလည်း လှုပ်လှုပ်နဲ့ လန့်နေကြတယ် .. ဘယ်တော့ဘာဖြစ်မလဲမသိဘူး” ဟု ပါဂျောင်မီဒီယာထံသို့ ပြောဆိုလာပါသည်။ ထို့အပြင် အခြားဈေးသည်တစ်ဦး ပြောပြချက်အရ မန္တလေးဈေးအပေါ်ထပ်မှ ဈေးဆိုင်များကို စစ်ကောင်စီမှ ပြောင်းရွှေ့ကာ နေရာယူထားပြီးဖြစ်သောကြောင့် မြစ်ကြီးနားမြို့မဈေးမှ ဈေးသည်များလည်း ပြောင်းရွှေ့ရန် စီစဉ်လာခြင်း ဖြစ်သည်ဟု ပြောပြသည်။


မြို့မဈေး(၁)နှင့် ဈေး(၂)အပေါ်ထပ်တွင် အပ်ချုပ်ပစ္စည်းအရောင်းဆိုင်၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်၊ နိဗ္ဗာန်ကုန်ပစ္စည်းအရောင်းဆိုင်၊ အပ်ချုပ်ဆိုင်၊ ကုန်မာဆိုင်နှင့် အထည်အလိပ်ဆိုင် စသည့် အရောင်းအဝယ်မျိုးစုံ တည်ခင်းရောင်းချသည့် နေရာဖြစ်ကြောင်း သိရသည်။


ထို့အပြင် မြစ်ကြီးနားမြို့တွင်းရှိ ရဲစခန်းနှင့် အစိုးရဌာနဆိုင်ရာရုံး အနီးအနားဝန်းကျင်အတွင်း နေထိုင်သည့် ဒေသခံများ အပါအဝင် ဆိုင်ခန်းဖွင့်ထားသူများကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့မှ အမြန်ဆုံး ပြောင်းရွှေ့ပေးရန် လက်ကမ်းစာစောင်များဖြင့် အကြောင်းကြား ဖြန့်ဝေထားကြောင်း ထပ်မံသိရသည်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် KIA ပူးပေါင်းတပ်များမှ မြစ်ကြီးနား-ဆွမ်ပရာဘွမ့် လမ်းပေါ်ရှိ စစ်ကောင်စီ၏ တယန်ဇွပ် တပ်စခန်း ၃ ခုကို သိမ်းပိုက်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီသည် မြစ်ကြီးနား ၁၀ မိုင်ပတ်လည် အတွင်း လုံခြုံရေးတင်းကြပ်ကာ နောင်နန်းနှင့် အခြားသော ရပ်ကွက်များတွင် တပ်စွဲ နေရာယူ ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page