top of page

မိုင်းနောင်ကျေးရွာတွင် တရားမဝင်ရွှေတူးဖော်မှုများ ဆက်လက်လုပ်ကိုင်လျှက်ရှိနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၉ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာတွင် အများပြည်သူ သွားလာရန် အသုံးပြုနေသည့် လမ်းမကြီးအား ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များ ၊လာဘ်စားလာဘ်ယူ ပြုလုပ်နေသည့် ဝန်ထမ်းများကို တာဝန်ရှိသူများမှ အရေးယူပေးရန် ဒေသခံများလိုလားနေသည်။


ဒေသခံများ ပြောပြချက်အရ မိုင်းနောင်ကျေးရွာမှ လယ်တောသို့သွားသည့် ပြည်သူပိုင်လမ်းမကြီးနေရာတွင် ရွှေလုပ်ငန်းရှင်များ ရွှေတူးဖော်နေခြင်းကြောင့် လမ်းမကြီး ပျက်စီးဆုံးရှုံးနေရကြောင်း သိရသည်။


ထို့ကြောင့် အများပြည်သူပိုင် လမ်းသွားလမ်းလာ အသုံးပြုသည့် နေရာများတွင် ရွှေတူးဖော်နေကြသည့် လုပ်ငန်းရှင်များနှင့် အချို့အာဏာရသူများကို အရေးယူပေးစေလိုကြောင်း ဒေသခံများ လိုလားကြသည်ဟု ဆိုသည်။


ထို့အပြင် လက်ရှိ ရွှေတူးဖော်လုပ်ကိုင်နေသည့် လမ်းမကြီးနေရာကို ဒေသခံဆန္ဒမပါဘဲ အာဏာရသူများမှ ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ဖြင့် အရောင်းအဝယ်ပြုကာ ရွှေတူးဖော်နေကြခြင်း ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


 "မိုင်းနောင်အုပ်ချုပ်ရေးမှူးက လမ်းမြေအရောင်းအဝယ်လုပ်ချိန်မှာ ငွေတွေ အများကြီးယူပြီး လာဘ်စားထားတယ်၊ ရွှေလုပ်ငန်းရှင် သုံးဦးပေါင်းပြီး၊ ကျပ်ငွေသိန်း နှစ်သောင်းကျော်နဲ့ ဝယ်ပြီး ရွှေတူးဖော်နေတာ။” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ပြောသည်။


ယမန်နှစ်များတွင် ရွှေတူးဖော်မှုများကြောင့် ချောင်း၊ မြောင်းနှင့် အင်းအိုင်များ ပျက်ဆီးဆုံးရှုံးမှုများစွာရှိခဲ့သဖြင့် ဒေသန္တရ ဖွံ့ဖြိုးရေး ပြုလုပ်ပေးမည်ဟု ရွှေလုပ်ငန်းရှင်များ ဝန်ခံကတိပြုခဲ့သော်လည်း ထိရောက်သော ပြုပြင်မှုများ ယခုချိန်ထိ မလုပ်ဆောင်ပေးသေးကြောင်းလည်း ထပ်မံသိရသည်။


မိုင်းနောင်ကျေးရွာတွင် အလွန်အကျွံ ရွှေတူးဖော်မှုများကြောင့် ဂေဟစနစ်များ ပျက်ဆီးလာခြင်း၊ ရေကြီးခြင်းနှင့် အင်းတော်ကြီးအိုင် တိမ်ကောလာခြင်းများ သိသိသာသာ ပျက်စီးလာသောကြောင့် ပြည်သူအကျိုး ရှေးရှုကာ ထုတ်ဖော်အရေးယူပေးရန်အတွက် အင်းတော်ကြီးဒေသခံ ပြည်သူများ လိုလားနေသည်ဟု ဆိုသည်။


သတင်း - ကချင်ပြည်သား


Comentários


Pajau Media

Thanks for subscribing!

bottom of page