ပါဂျောင်မီဒီယာ။
၃၀ရက်၊ဇန္နဝါရီ၊၂၀၂၅။
ကချင်ပြည်နယ်၊ နမ္မတီးချောင်းနှင့် မိုးကောင်းချောင်းဆုံနေရာတွင် စစ်ကောင်စီ၏ ခလရ (၃၈၁,၃၈၂)တပ်မှ အင်အား(၅၀)ဝန်းကျင်က ယမန်နေ့ နံနက်ပိုင်းမှစပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
စစ်ရေးလှုပ်ရှားမှုတွင် လမ်းသွားလမ်းလာ ပြည်သူများ၏ဆန်နှင့်စပါးများကို တောင်ယာသို့ မသယ်ယူခိုင်းဘဲ ပြန်လှည့်ခိုင်းခြင်း၊ KIAတပ်စခန်းနှင့် မိုင်မည်မျှဝေးသည့်အကြောင်းများ၊ စစ်အင်အား မည်မျှရှိသည့်အကြောင်းများ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
ယနေ့အထိ ဗန်းမော်နှင့် အင်းတော်ဒေသတို့တွင် KIAပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်များ ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ တိုက်ပွဲပြင်းထန်နေသည့် နေရာသို့ စစ်ကောင်စီက လေယာဉ်၊ ဒရုန်းများဖြင့် အဓိကပစ်မှတ်ထားကာ ယင်းတို့တပ်စခန်း မကျရှုံးရေး အပြင်းအထန် ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။
အင်းတော်ဒေသတွင် ပြီးခဲ့သည့် ဇန္နဝါရီ ၂၇ရက်နေ့ကတည်းက အင်းတော်မြို့သိမ်းတိုက်ပွဲ နောက်ထပ်တစ်ဖန်ဖြစ်ပွားလာခဲ့ရာ ယမန်နေ့တွင် စစ်တပ်၏ ကာကင်းစခန်းနှစ်ခုအား သိမ်းပိုက်နိုင်ခဲ့သည်။
သတင်း - ထုဆိုင်း
Comments