top of page

ဗလမင်းထင်တံတားအား ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သောကြောင့် ထောင်နှင့်ချီသောပြည်သူများ မြစ်ကြီးနားဘက်အခြမ်းနှင့် မိုင်းနားဘက်အခြမ်းတွင်ပိတ်မိနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၁ရက်၊နိုဝင်ဘာ၊၂၀၂၄။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အကြားရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားကို ယနေ့ နိုဝင်ဘာ၂၁ရက် နံနက်၈နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီဘက်က အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းကြောင့် တံတားနှစ်ဖက်ခြမ်းတွင် လူအများအပြား ပိတ်မိနေပြီး၊ ခရီးသွားပြည်သူများ အိမ်ပြန်ခရီး ခက်ခဲနေသည်ဟု တံတားတွင် ပိတ်မိနေသည့်ပြည်သူများက ပြောသည်။


အဆိုပါ တံတားတွင်ပိတ်မိနေသောပြည်သူတစ်ဦး ပြောဆိုချက်အရ “တံတားရဲ့ ဟိုဘက်ကမ်း မိုင်းနားဘက်မှာ ပြသာနာတစ်ခု ဖြစ်ကြတယ်လို့ ပြောတယ်။ ဘာပြသနာဖြစ်ကြတာတော့ မပြောဘူး။ အဲ့ကြောင့် ခနပိတ်ထားတာလို့ ပြောတယ်။ မိုင်းနားဘက်က အရင်ပိတ်ပြီးတော့ မြစ်ကြီးနားဘက်ခြမ်းက ပြန်ပိတ်ထားလိုက်တာတဲ့။ ဘယ်အချိန်ပြန်ဖွင့်မလဲတော့ မသိသေးဘူး။” ဟု အဆိုပါ အမျိုးသားက ပြောသည်။


နောက်ထပ်ဒေသခံတစ်ဦးက “မနေ့က နယ်စပ်ကံပိုင်တည်မြို့ကို KIAတွေ သိမ်းလိုက်ကတည်းက ဒီဘက်မှာ ဆီဆိုင်တွေ ပိတ်သွားတာနဲ့ အခုဆို တံတားပါ ထပ်ပိတ်လာတော့ မပြောတတ်ဘူး။ ကံပိုင်တည်သိမ်းလိုက်တာနဲ့ ဆိုင်နေမလားမပြောတတ်ဘူး။” ဟု ပြောသည်။


ဗလမင်းထင်တံတားကို စစ်ကောင်စီဘက်က ရုတ်တစ်ရက် ပိတ်ချလိုက်သောကြောင့် တစ်ဘက်ကမ်းသို့ ပြန်ရန် ခရီးသွားပြည်သူများမှာ ပြန်လမ်းမရှိဘဲ ခက်ခဲနေကြရကြောင်း သိရသည်။


အချို့ပိတ်မိပြည်သူများမှာ အသိမိတ်ဆွေ ဆွေမျိုးအိမ်များတွင် နေထိုင်ရန် ပြန်ခေါက်လာကြသူများရှိနေပေမယ့် မှီခိုနေထိုင်စရာ နေအိမ်မရှိသူများမှာ တံတားပြန်ဖွင့်မည်ကို မျှော်လင့်စောင့်ဆိုင်းနေကြရသည်။


လက်ရှိ သတင်းရေးသားနေချိန် မွန်းလွဲ ၂:၀၀ နာရီအချိန်ထိ ဗလမင်းထင်တံတားနှစ်ဖက်ခြမ်းတွင်း ပိတ်မိကာ တံတားပြန်ဖွင့်မည်ကို မျှော်လင့်စောင့်ဆိုင်းနေသူများမှာ မြစ်ကြီးနားဘက်ခြမ်းတွင် ခန့်မှန်းချေအားဖြင့် လူဦးရေ ၄၀၀မှ၅၀၀အကြားရှိနေပြီး၊ လှည့်ပြန်သွားသည့် ပြည်သူများမှာ စောင့်ဆိုင်းနေသူများထက် ပိုမိုများပြားသည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။


အဆိုပါ တန်းစီစောင့်ဆိုင်းနေသူများမှာ မှီခိုစရာအသိနေအိမ်မရှိသူများဖြစ်ပြီး ယခင်က မြစ်ကြီးနား-ခေတ်ချို သို့ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ဆောင်ပေးနေသည့် ခေတ်ချို ကူးတို့ဆိပ်ကိုလည်း ပြီးခဲ့သည့် လပိုင်းများအတွင်း စစ်ကောင်စီမှ အကန့်အသတ်မရှိပိတ်လိုက်ခြင်းကြောင့် အဆိုပါ ပိတ်မည့်နေသူများမှာ မိမိနေရပ်ပြန်ရန် ခက်ခဲနေလျှက်ရှိသည်။


1 view0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page