ပါဂျောင်မီဒီယာ
၂၄ရက်၊ဇူလိုင်၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_5d362e259b11427fb53a1729308fd089~mv2.jpg/v1/fill/w_711,h_555,al_c,q_85,enc_auto/c187ce_5d362e259b11427fb53a1729308fd089~mv2.jpg)
ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ကချင်ပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားသည့် ဗန်းမော်-မန္တလေး ကားလမ်းမကြီးကို မေလ ၁၀ ရက်နေ့မှစပြီး သွားလာခွင့် ပိတ်ပင်နေသည်မှာ ၂ လကျော်ကြာမြင့်နေပြီဖြစ်သည်။
ထိုနှောက်ပိုင်းတွင် ဗန်းမော်ဘက် မှ စင်းခမ်း၊ ကသာ၊ ရွေကူဘက်သို့ ရေလမ်းကြောင်းစက်လှေဖြင့် အခြေခံစားသောက်ကုန်များ သယ်ယူနေကြသော်လည်း စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်များ မြင့်တတ်လာသည့်အတွက် ကုန်ဈေးနှုန်းများမှာလည်း တရိပ်ရိပ်မြင့်တက်လာပါသည်။
ထို့ပြင် ဗန်းမော်မြို့နယ်တွင် ဓါတ်ဆီတင်သွင်းမည့် လမ်းကြောင်းပိတ်နေသောကြောင့် ဓါတ်ဆီဆိုင်များပိတ်နေရပြီး လမ်းဘေးဈေးဆိုင်များတွင် ဆီလီတာအလိုက်သာရောင်းချနေကြသည်မှာ ဈေးအဆမတန်မြင့်တတ်လျက်ရှိနေပါသည်။လက်ရှိ ဗန်းမော်မြို့နယ်အတွင်းတွင် ဓာတ်ဆီ ဘူးသေး၊ ဘူးလတ်၊ ဘူးကြီး ဟူ၍ခွဲထားပြီး အမြင့်ဆုံး ၉၀၀၀ ကျပ်ထိရှိသည့်အပြင် ရိုးရိုးဆန် တစ်အိတ် ၁သိန်း ၂ သောင်းကျပ်၊ ဆီ တစ်ပိဿာ ၁သောင်း ၇ထောင်ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈ထောင်ကျပ် ရှိသည့်အပြင် တစ်ခြားကုန်ပစ္စည်းများလည်း အဆမတန်မြင့်တတ်နေပါသည်။
ဗန်းမော်မြို့ဝင်မြို့ထွက်များရှိ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးများကို ၃ သိန်းကျပ် အထိကောက်ခံမှုရှိနေပြီး စစ်ဆေးမေးမြန်းမှု များလာသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင့် ဗန်းမော်မြို့ဒေသခံတစ်ဦးဆီမှ သိရှိရပါသည်။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသောကြောင့် ဗန်းမော်စစ်ဘေးရှောင် လူဦးရေ ၁၀၀၀၀ ကျော်နှင့် ဇူလိုင်လ ၂ရက်နေ့တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဉတုကြောင့် မိုးကာ၊ဆေးဝါး နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိနေပါသည်။
မန္တလေး – ဗန်းမော် လမ်းကြောင်းသည် မြေပုံပေါ်လမ်းကြောင်း လမ်းညွှန်အသုံးပြုတွက်ချက်မှုအရ ၄၄၂ ကီလိုမီတာ / ၂၇၄ မိုင်ရှိပြီး ခရီးသည်ယာဉ်များအပါအဝင် မန္တလေး – ဗန်းမော် – လွယ်ဂျယ်ကနေ တရုတ်ဘက်သို့ကုန်တင်ပို့မည့် ကုန်တင်ကားများ သွားလာနေသည့်လမ်းပိုင်းတခု ဖြစ်ပါသည်။
Comments