ပါဂျောင်မီဒီယာ။
၄ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_1f742221fdc244ceb9dbc632d4bd4eee~mv2.jpg/v1/fill/w_539,h_360,al_c,q_80,enc_auto/c187ce_1f742221fdc244ceb9dbc632d4bd4eee~mv2.jpg)
ဗန်းမော်မြို့အနီး တွင် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာ ၄ ရက်မနက်ပိုင်း ၆း၀၀နာရီအချိန်ခန့်တွင် စစ်ကောင်စီ ခြေလလျင်တပ်တပ်ရင်း ခ.လ.ရ (၄၇) ၏ကာကင်းစခန်းများဖြစ်သည့် ဖန်းခါးကုန်းဂိတ်စခန်းနှင့် ညောင်ပင်သာစခန်း ၂ခုကို KIA ပူးပေါင်းတပ်များမှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ဗန်းမော်မြို့အဝင်အနီးကို ယမန်နေ့ညမှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ စခန်းငယ်နှစ်ခုကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည့်အပြင် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကြီးတွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်းလည်းသိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး လေကြောင်းမှလည်း (၅) ကြိမ်ထက်မနည်းတိုက်ခိုက်ကြောင်းသိရသည်။
ဗန်းမော်မြို့အတွင်း လွန်ခဲ့သည့် ၂ရက်ခန့်မှစတင်ကာ စစ်ကောင်စီက Mytel ဖုန်းနှင့်အင်တာနက်လိုင်း ဖွင့်လှစ်ပေးခဲ့သော်လည်း ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှစပြီး Mytel ဖုန်းလိုင်းများပျက်တောက်သွားပြီး အချို့နေရာများတွင် MPT ဖုန်းလိုင်းဖြင့်သာ အဆက်အသွယ်ပြုလုပ်နေရကြောင်းသိရသည်။
စစ်ကောင်စီတပ်များ သည် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ခ.မ.ရ (၄၃၇) တပ်စခန်း အနီးတွင်လည်း စစ်အင်အားဖြည့်တင်းမှုများ ၊လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
Comments