top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်ဖွဲ့မှ အမတ(၃၆၆)နှင့် ခလရ(၂၃၆)တပ်စခန်းများကို ပြန်လည်သိမ်းပိုက်ရရှိ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၉ ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)မှ သိမ်းပိုက်ရရှိထားပြီး ပြန်လည်လက်လွှတ်ခဲ့ရသည့် အမတ(၃၆၆) တပ်ရင်းအပါအဝင် ခလရ (၂၃၆)တပ်ရင်း နှစ်ခုစလုံးကို ယမန်နေ့ ည၇နာရီအချိန်တွင် KIAက အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး၊ စကခ(၂၁)ဘက်တွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။


“ဟုတ်တယ်။ မနေ့က ညအချိန် သိမ်းပိုက်လိုက်တယ်လို့ ပြောတယ်။ အဲဒီ၃၆၆တပ်က အရင်က KIAတွေ သိမ်းပိုက်ပြီး ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်ဖြစ်တယ်။ မနေ့က ၂၃၆တပ်နဲ့အတူ ပြန်သိမ်းပိုက်လိုက်တာပေါ့။” ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။


အမတ၃၆၆နှင့် ခလရ၂၃၆တပ်ရင်းနှစ်ခုကို သိမ်းပိုက်ပြီးနောက် စကခ၂၁တပ်စခန်းဘက်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု ဆိုသည်။


ဒေသခံများ ပြောဆိုချက်အရ ယမန်နေ့တစ်ရက်တည်းပင် ဗန်းမော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကောင်စီမှ လေယာဉ်(၁၀)စီးထက်မနည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


ထို့အပြင် သိမ်းပိုက်လိုက်သည့် တပ်ရင်းနှစ်ခုစလုံးမှာ စကခ(၂၁)တပ်ရင်းအနီးရှိ အဓိကလုံခြုံရေးယူပေးသည့် တပ်စခန်းများဖြစ်ပြီး၊ အလွန်အရေးပါသည့် တပ်စခန်းဖြစ်ကြောင်း သိရသည်။


KIAက ဗန်းမော်မြို့ရှိ စကခ၂၁တပ်ရင်းအပါအဝင် ယမန်နေ့ သိမ်းပိုက်လိုက်သည့် တပ်ရင်းနှစ်ခုနှင့်အတူ ခလရ ၄၇တပ်ရင်း၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ လေတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေး၊ ထောက်ပို့ စသည့် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။


သတင်း - ဇော်မိုင်


Comentarios


Pajau Media

Thanks for subscribing!

bottom of page