top of page
Writer's picturePajau Media

ဗန်းမော်ခရိုင်အတွင်း ဒေသခံများ၏ တောင်ယာခင်းများ ကြွက်ဖျက်ဆီးခြင်း ဆိုးရွားစွာခံနေရ

ပါဂျောင်မီဒီယာ။

၁၄ရက်၊နိုင်ဝင်ဘာ၊၂၀၂၄။




လက်ရှိအချိန်တွင် တောင်ယာစိုက်ပျိုးထားသည့်ဒေသခံများ အတွက် စပါးရိတ်သိမ်း ကောက်သစ်စားသည့်အချိန်အခါဖြစ်သော်လည်း ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါဒေသအတွင်းက ကျေးရွာ တော်တော်များများ မှာ ကြွက်ဘေးကြုံနေရသည့်အတွက် ရိတ်သိမ်းဖို့စပါးမရှိ တော့သည့်အခြေအနေနှင့်ကြုံနေရကြောင်းသိရသည်။


“ကြွက်တွေက စပါးနဲ့စိုက်ပျိုးထားသည့် အသီးအနှံအားလုံးတစ်ခုမကျန် စားပစ်လိုက်တာ ဆက်တိုက်ကြွက်တွေ ဖျက်ဆီးတာကြောင့် စပါးတွေ က ကောင်းကောင်းသီးဖို့ တောင် မကျန်ဘူး နဲနဲပါးပါးကျန်တာလေးတွေကိုပဲ လာရိတ်ကြရတယ်။ ”လို့ဒေသခံများက ဆိုသည်။


တောင်ယာများ ကြွက်ဘေးကြုံတွေ့နေရသည့် နေရာများမှာ အင်ဘာပါ‌ဒေသ ထဲပါဝင်သည့် ဂေါင်ရီ လုံခတ်၊ မိုင်ကုန်၊ ခက်မှာ၊ ဘွမ်အောင်နန် ကျေးရွာများဖြစ်သည်။


ဒေသခံပြည်သူများမှာ တောင်ယာစပါးစိုက်ပျိုးပြီး အဓိက အသက်မွေးကြသည်ဖြစ်သော်လည်းယခုနှစ်တွင်ကြွက်ဘေးကြောင့် ရိတ်သိမ်းစရာစပါး မရှိတော့ကြောင်း၊ လက်ရှိ ကြွက်ဘေးကြုံနေရသည့် ကျေးရွာများတွင် နယ်ခံများသာမက မေလနှောင်းပိုင်းကထဲမှ ဗန်းမော် မိုးမောက် ဘက်က စစ်ဘေးရှောင် လာကြသည့် ပြည်သူများလည်း လာရောက်ခိုလုံနေကြတာကြောင့် ယခုနှစ်အတွင်း စားသောက်ရေး ပိုမို ခက်ခဲလာနိုင်ပြီး၊ အစာရေစာခေါင်းပါးမှုကြောင့် လူများသေဆုံးရသည့်အထိ ဖြစ်လာမှာကို စိုးရိမ်နေရကြောင်း ဒေသံများမှပြောသည်။


ပြီးခဲ့သည့် နှစ်တွင်လည်း မံစီဒေသအပါအဝင်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်မြို့နယ်များတွင် ကြွက်ဘေးဒဏ်ကျရောက်ခဲ့သောကြောင့် အစာရေစာခေါင်းပါးပြီး တောထဲမှ ပိန်းဥများတူးစားရသည် အထိဖြစ်ခဲ့ရသည်။

ယခုနှစ်မှာတော့မံစီမြို့နယ်အတွင်း စစ်ဘေးဒဏ်နဲ့ ကြွက်ဘေးဒဏ်များကြောင့် ဒေသခံပြည်သူများ ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲ မလုပ်နိုင်တော့ကြောင်းသိရသည်။


ယခုနှစ်တွင် ကချင်ပြည်နယ်အတွင်းက မံစီမြို့နယ်သာမက ပူတာအို အရှေ့ခြမ်းဒေသများမှာလည်း တောင်ယာ ကြွက်ဘေး ဒဏ်ကြောင့် စပါးအထွက်နှုန်းကျဆင်းသွားသည်လို့လည်း ဆိုသည်။ ကြွက်ဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် အဆိုပါဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော် KIO အစိုးရအနေနဲ့ တာဝန်ယူ ကွင်းဆင်းစစ်ဆေးကာ အထောက်ပံ့ပေးနိုင်ဖို့ ပြည်သူများက မျှော်လင့်နေကြကြောင်းလည်းသိရသည်။


0 views0 comments

Comments


bottom of page