ပါဂျောင်မီဒီယာ
၂၈၊ ၈၊၂၀၂၄။
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ဒေသ ဖုန်ငိုင်ယာန်ကျေးရွာသို့ စစ်ရှောင်လာသည့် ပူတာအိုဒေသရှိ ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ကျေးရွာနှင့် ဝဒတ်ကျေးရွာမှ စစ်ဘေးရှောင် ကလေးငယ်(၂၀၀)ကျော်သည် ယခုအချိန်ထိ ကျောင်းသုံးပစ္စည်း ကိရိယာမစုံလင်ခြင်းနှင့် စာသင်ကြားပေးမည့် ဆရာ/ဆရာမ မလုံလောက်ခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း စစ်ရှောင်များ ပြောဆိုချက်အရ သိရသည်။
“သင်ကြားရေးပိုင်းမှာ ဆရာ၊မ မလုံလောက်ဘူး။ အခုလက်ရှိ ဆရာ/မ (၁၁) ယောက်ရှိတယ်။ သူတို့ကိုတော့ ဘာသာရေး အဖွဲ့အစည်းတွေက အဓိက ပံ့ပိုးပေးထားတာပေါ့၊ လောလောဆယ် တစ်တန်းအတွက် တစ်ယောက်နှုန်းလောက်တောင် မကျဘူးလေ။ ကလေးတွေရဲ့ သင်ထောက်ကူပစ္စည်းတွေလည်း မစုံဘူး၊ စာရေးကိရိယာ မလုံလောက်မှုတွေ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုတွေ၊ ကျောင်းအဆောင်တွေကျတော့လဲ ယာယီ တဲအိမ်ပုံစံမျိုးပဲ ဆောက်ထားပေးတဲ့အခါကျတော့ မိုးတွင်းမှာ အဆင်မပြေမှုတွေ အများကြီးရှိနေတယ်။” ဟု ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယင်းစစ်ရှောင်စခန်းတွင် KGတန်းမှ (၈)တန်းအထိ ကျောင်းသားပေါင်း (၂၀၀)ကျော်ရှိနေပြီး၊ မူကြိုတက်မည့် ကလေးအရွယ် (၃၆)ဦးအထိ ရှိနေသည့်အပြင် ယင်းကလေးငယ်များအတွက် မူကြိုကျောင်းမှာ ယခုထက်ထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။
မူကြိုကျောင်းမဖွင့်နိုင်သေးခြင်းနှင့် ပတ်သက်ပြီး အထက်ပါ ရပ်မိရပ်ဖတစ်ဦးက စစ်ရှောင်စခန်းအတွင်း KGမှ ရှစ်တန်းအထိ ပညာသင်ကျောင်းကို ဖွင့်လှစ်နိုင်ရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရဆဲဖြစ်သောကြောင့် မူကြိုကျောင်း ဖွင့်လှစ်နိုင်ရန်မှာလည်း ကြိုးစားနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။
“လက်ရှိမှာ ကလေးတွေရဲ့ စာသင်ကျောင်းကို KIA/KIO အစိုးရညွန်ကြားချက်နဲ့ (၈)တန်းအထိတော့ ဖွင့်ထားတယ်။ မူကြိုကျောင်းက မဖွင့်နိုင်သေးဘူး၊ ကြိုးစားနေတုန်းပဲ။”
အလားတူ အထက်တန်းတက်ရောက်မည့် ကျောင်းသားများမှာ ကေအိုင်အိုထိန်းချုပ်နယ်မြေသို့ သွားရောက်သင်ကြားကြပြီး၊ အချို့ကျောင်းသားများမှာ မြစ်ကြီးနားမြို့ဘက်သို့ တက်ရောက်သင်ကြားကြသည်ဟု ဆိုသည်။
ယင်းစစ်ရှောင်ကလေးများမှာ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဆွမ်ပရာဘွမ်ဒေသ ဖုန်ငိုင်ယာန်ကျေးရွာသို့ စစ်ရှောင်လာကြသူများဖြစ်ပြီး၊ စစ်ရှောင်စခန်းအတွင်း ယာယီကျောင်းဆောင် တည်ဆောက်ကာ ပညာသင်ကြားနေရကြောင်းနှင့် ကလေးငယ်များအတွက် အဝတ်အစား၊ စားသောက်ကုန်နှင့် ဆေးဝါး အကူအညီများလည်း လိုအပ်နေသည်။
သတင်း - မလိခူး
Comments