top of page
Writer's picturePajau Media

ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိဖျားနာသူများပြားလာပြီး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲများကြုံတွေ့နေရ

ပါဂျောင်မီဒီယာ

၁၅ရက်၊အောက်တိုဘာ၊၂၀၂၄။




စစ်ရှောင်ကာလ ၅လနီးပါး ကြာမြင့်လာပြီဖြစ်သည့် ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိဖျားနာသူများပြားလာပြီး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲအပြင် အမိုးအကာ၊ အနွေးထည်နှင့် စောင်များ အရေးတကြီး လိုအပ်လာသည်ဟု စစ်ရှောင်များက ပြောသည်။


အစားအသောက်အတွက် လက်ရှိအချိန်အထိ အလှူရှင်များနှင့် လူမှုကူညီရေးအသင်းများ တစ်ခါတစ်ရံ ကူညီထောက်ပံ့မှုဖြင့် နေ့စဉ်ဖြေရှင်း စားသောက်နိုင်ပေမယ့် အောက်တိုဘာလမှစပြီး အကူအညီများ မရောက်တော့သည့်အပြင် ရှာဖွေစားသောက်ရန် ခက်ခဲသောကြောင့် စစ်ရှောင်များ စိုးရိမ်နေကြရသည်ဟု ဖုန်ငိုင်ယန်စစ်ရှောင်စခန်းမှ ရပ်မိရပ်ဖတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုကဲ့သို့ ပြောသည်။


“ရင်းနှီးနဲ့ လောပန်းတွေ၊ သူဌေးတွေကို အကူအညီတောင်းထားလို့ စက်တင်ဘာအထိတော့ စားဖို့သောက်ဖို့ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ခဲ့တယ်။ အခု ဆယ်လပိုင်းနောက်ပိုင်း ဒီဇင်ဘာလအထိ အစားသောက်အတွက် စိုးရိမ်နေတယ်။ နေအိမ်တွေလည်း မိုးကာနဲ့ပဲ မိုးထားတော့ အားလုံးနီးပါး ပေါက်ပြဲကုန်တယ်။ တစ်ချို့အိမ်တွေဆို နေထိုင်လို့မရတော့တဲ့ အခြေအနေထိ ဖြစ်နေပြီ။ စစ်ရှောင်ကာလကြာမြင့်လေ ပိုမိုခက်ခဲလေပဲဟုတ်တယ်။”

ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် ယခင်က နေအိမ်ဆောက်လုပ်ခြင်း၊ စားနပ်ရိက္ခာပံ့ပိုးခြင်းနှင့် အခြားလိုအပ်သည်များကို KBC-HDDနှင့် KMSS (ဂရုဏာ) လူမှုကူညီရေးအဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုဖြင့် ကျော်ဖြတ်ခဲ့ရပေမယ့် လက်ရှိ အဆိုပါထောက်ပံ့မှုများ မရောက်တော့သဖြင့် ခက်ခဲနေကြသည်ဟု ဆိုသည်။


ထို့အပြင် ရာသီဥတုအပြောင်းအလဲဖြစ်လာသောကြောင့် စစ်ရှောင်စခန်းအတွင်း အအေးမိဖျားနာသူ များပြားလာပြီး၊ ဆောင်းတွင်းအတွက် အနွေးထည်နှင့် စောင်များလည်း အရေးတကြီး လိုအပ်လာသည်ဟု စစ်ရှောင်များက ပြောသည်။


နေရပ်ရင်းဖြစ်သည့် ဆွမ်ပီယာန်ကျေးရွာတွင်လည်း ကျေးရွာအတွင်း စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်သားများမှ ဒေသခံများ၏ ကျွဲ၊နွား၊ကြက်၊ဝက်နှင့် သိုလှောင်ထားသည့် စပါးတင်းများကို စိတ်ကြိုက်ယူစားနေခြင်းကြောင့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရှိသည့်အချိန် နေရပ်ရင်းမှ ပြန်ယူစားသောက်နိုင်ခြင်း မရှိတော့သဖြင့် ပိုမိုခက်ခဲလာနိုင်ခြေရှိသည်ဟု စစ်ရှောင်များက ပြောသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ဆွမ်ပီယာန်၊ဝါဒတ်၊အင်စီယာန် စသည့်ကျေးရွာသုံးရွာမှ ဒေသခံများ တစ်ထောင်နီးပါးနှင့် အိမ်ထောင်စု (၂၀၀)ကျော် စုပေါင်းနေထိုင်ကြပြီး၊ မေလ ၁၁ရက်နေ့ကတည်းက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပြီး လက်ရှိတွင် စစ်ရှောင်ကာလ ၅လကျော် ကြာမြင့်နေပြီ ဖြစ်သည်။



Comments


bottom of page