top of page

ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသော ဝိုင်းမော်မြို့ရှိ ခလရ(၅၈)တပ်နှင့် ဝူယန်ပြည်သူ့စစ်ဂိတ်များအား (၃)လကျော် အကြာတွင် ပြန်လည်ဖွင့်လှစ်

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၇ရက်၊မတ်လ၊၂၀၂၅။



(၃)လကျော်ကြာ ပိတ်ပင်ထားခဲ့သည့် ဝိုင်းမော်မြို့ရှိ ခလရ(၅၈) တပ်ရင်းအရှေ့နှင့် ဝူယန်ပြည်သူ့စစ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့် ပေးထားသော်လည်း စစ်ဆေးရေးအလွန်တင်းကြပ်ထားဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်မှ သိရသည်။


“ဂိတ်ပြန်ဖွင့်ထားတော့ ပုံမှန်တိုင်းတော့ သွားလာလို့ရနေပြီ။ ဒါပေမဲ့ စစ်ဆေးရေး အရမ်းတင်းကြပ်တယ်။ ဆိုင်တယ်မှာတောင် ဘာအထုပ်မှ သယ်လို့မရဘူး။ ပစ္စည်းဘယ်လောက်သေးသေး အကုန်ဖွင့်ပြီး စစ်‌ဆေးတာ” ဟု‌ ဒေသခံတစ်ဦးက ဆိုသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၆ရက်နေ့ကတည်းက ဂိတ်စခန်းကို ပြန်ဖွင့်ကာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပေမယ့် လတ်တလော စစ်ကောင်စီတပ်များမှာ ဝိုင်းမော်ဘက် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ပြန်လည်တင်းမာလာသောကြောင့် ဖြတ်သွားဖြတ်လာ ပြည်သူများ၊ ကား၊ဆိုင်ကယ်များကို စစ်ဆေးရေးမှာ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ထားဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။





ခ.လ.ရ (၅၈)တပ်ရင်းနှင့် ဝူယန်ပြည်သူ့စစ်ဂိတ်များမှာ ဝိုင်းမော်-ကံပိုင်တည်သွား လမ်းမပေါ်ရှိ နေရာများဖြစ်ပြီး၊ ကုန်တင်ကား၊ ဆိုင်ကယ်နှင့် ခရီးသွားပြည်သူများ၏ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့သဖြင့် ပြည်သူများမှာ ကွင်းလမ်းမှ ခက်ခက်ခဲခဲ သွားလာခဲ့ကြရသည်။


အဆိုပါ ဂိတ်စခန်းကို ယခင်နှစ် နိုဝင်ဘာ၂၅ရက်နေ့က ကချင်လွှတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး (၃)လကျော်အကြာတွင် ဂိတ်ပြန်လည်ဖွင့်လှစ်ကာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။


တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့က ခလရ(၅၈)တပ်ရင်း အရှေ့တွင် တပ်စွဲထားကာ အသွားအလာပိတ်စို့ထားသည့်အပြင် ဧရာဝတီမြစ်ကမ်း ကူးသို့ဆိပ်များဖြစ်သည့် ခတ်ချိုကူးသို့ဆိပ်၊ နောင်ဟီးကူးသို့ဆိပ်တို့ကိုလည်း ယနေ့အထိ ပိတ်ပင်ထားခဲ့ပြီး လုံခြုံရေးတင်းကြပ်ထားဆဲဖြစ်သည်။


လက်ရှိ စစ်ကောင်စီတပ်များမှာ ဝိုင်းမော်မြို့သာမက ကချင်ပြည်နယ်ရှိ ပူတာအိုမြို့နှင့် တနိုင်းနေရာအသီးသီးတွင် စစ်ကြောင်းထိုးကာ လေယာဉ်ဗုံး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page