top of page

ဖားကန့်မြို့ မနမှော်ရွာမှာရှိသည့် ကုမ္မဏီဝင်းတစ်ခုအတွင်း စစ်တပ်မှ နေရာယူတပ်စွဲလိုက်သောကြောင့် မနမှော်ကျေးရွာ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၉၊ ၈၊ ၂၀၂၄။



ဖားကန့်မြို့ မနမှော်ရွာအနီးအနားမှာရှိသော ကုမ္မဏီဝင်းတစ်ခုမှာ စစ်တပ်မှ နေရာယူတပ်စွဲလိုက် သောကြောင့် မနမှော်ကျေးရွာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြပြီဟု ဖားကန့်မြို့ခံများမှ ပြောပါသည်။


“စစ်ကြောင်းတွေက ဆိုင်းတောင်ဘက်ကထွက်တဲ့စစ်ကြောင်းတွေ တစ်ခါတစ်ရံ ရှိတယ် ၊ ဒါတွေကို KIA၊ KPDF တို့က လိုက်တိုက်တာ ရှိတယ် ဒါတွေကို သူတို့ကစိုးရိမ်လို့ ဖားကန့်မြို့ မနမှော်ကျေးရွာမှာ ဝင်ပြီးတပ်စွဲထားလိုက်တာ ဘဲဖြစ်နိုင်တယ် လို့ပြောပါတယ်၊ ပြောရရင်တော့ ဗျူဟာကုန်းကို တိုက်ခံရမှာစိုးလို့ ကာဗာကင်းသဘောနဲ့တပ်စွဲထားတာ ထင်ပါတယ်။ ပြီးတော့ ယမန်နေ့ညဝင်ရောက်တပ်စွဲလိုက်ပြီးတဲ့နောက် ဒီမနက်ပိုင်းကစပြီး ကားတွေ၊ဆိုင်ကယ်တွေနဲ့ ဖားကန့်မြို့ နီးစပ်ရာ ဆွေးမျိုး အသိအိမ်၊ ခရစ်ယာန်ဘုရားကျောင်း၊ မှော်ဇီစာဘုန်းကြီးကျောင်းနေရာတွေမှာ လာရောက်တိမ်းရှောင် နေကြတယ်လို့ သိရတယ်။ မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာဖြစ်တယ်” ဟု ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာထံသို့ ပြောလာပါသည်။


ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာကုန်းစခန်းနှင့် တောမှော်တပ်စခန်း ၂ ခုလုံးကို KIA ဘက်မှ တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်သည့်နောက် ဖားကန့်မြို့တွင်းတပ်မှ စစ်အင်အား ၈၀ ခန့်ရှိသော စစ်ကြောင်းမှ မနမှော်ကျေးရွာနားက ကုမ္မဏီဝင်းတစ်ခုမှာ ကာဗာကင်းသဘော အနေနှင့် နေရာယူတပ်စွဲလိုက်ခြင်းသည် ဗျူဟာကုန်းအား တိုက်ခံရမည်စိုးရိမ်သောကြောင့် ထင်သည်ဟု ဖားကန့်မြို့ခံအမျိုးသားတစ်ဦးမှ ပြောပါသည်။


ဖားကန့်ပြည်သူများပြောပြချက်အရ စစ်ကောင်စီတပ်မှာ ယခင်ကဲ့သို့ အင်အားရာချီနှင့်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ လမ်းတစ်ချို့တွင်သာ ကာဗာကင်းသဘောပုံစံဖြင့် တပ်စွဲသည့်အပြင် ရွေ့ပြောင်း လှုပ်ရှားသော စစ်ကြောင်းအနည်းငယ်သာရှိသည်ဟု သုံးသပ်ပြောဆိုပါသည်။


ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဆိုင်းတောင်ရပ်ကွက် ဖားပြင်စျေးဘက်အထွက် လက်ဖက်ရည်ဆိုင် ကျပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ရင်ဘတ်နားကျည်ထိမှန်ပြီး နောက်ထပ် အမျိုးသား ၂ ဦး ရှပ်ထိသွားသည်ဟု သိရပါသည်။


ဩဂုတ်လ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် လပ်ကုန်း၊ နေခြည်ကုန်မာဆိုင် အပေါ်ထပ်ကျပေါက် ကွဲတာရှိခဲ့သော်လည်း လူထိခိုက်မှုမရှိဘူးဟု သိရှိရပြီး တစ်ချိန်တည်းတွင် မှော်ဝမ်းလေး၊မှော်ဝမ်းကြီးထွက်တဲ့ချောင်းတွင် ဒရုန်းဗုံးတစ်လုံးကျပေါက်ကွဲသည်ဟု သိရပါသည်။


ဩဂုတ်လ ၁၆ ရက်နေ့တွင် လက်နက်ကြီးကျပေါက်ကွဲတာမရှိသော်လည်းပဲ KIA/KPDF နှင့် စစ်တပ်တို့အကြား စစ်ရေးငြိမ်နေသောအခြေနေတွင် ရှိနေသည်ဟု ဖားကန့်မြို့ခံများမှ ပြောပါသည်။


KIA/KPDF ပူးပေါင်းတပ် သိမ်းပိုက်လိုက်သော လမောင်ဗျူဟာကုန်းစခန်းမှာ ဖားကန်မြို့အမြင့်ဆုံး တောင်၏ လက်နက်ကြီးအထိုင်ချတပ်စွဲထားသောစခန်းဖြစ်ပြီး ဖားကန့်မြို့တွင်းတပ်တစ်ခုလုံးအား အဓိက လုံခြုံရေးယူပေးနေသောစခန်းဖြစ်သည်ဟုKIO သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူမှ ပါ‌ဂျောင်မီဒီယာသို့ ပြောပါသည်။

0 views0 comments

Comentários


Pajau Media

Thanks for subscribing!

bottom of page