ပါဂျောင်မီဒီယာ
၅၊ ၉၊ ၂၀၂၄။
![](https://static.wixstatic.com/media/c187ce_b32bf563ab78487293b0aae4157bca09~mv2.jpg/v1/fill/w_730,h_365,al_c,q_80,enc_auto/c187ce_b32bf563ab78487293b0aae4157bca09~mv2.jpg)
ဖားကန့်မြို့၊ ဆိုင်းတောင်နှင့် လုံးခင်းတစ်လျှောက်တွင် ယမန့်နေ့ မွန်းလွဲပိုင်း ၁နာရီဝန်းကျင်မှစပြီး ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းမှ ဆိုင်းတောင်-လုံးခင်းလမ်းဟောင်းပေါ်ရှိ ဂျန်ကပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေစဉ် ကချင်လွတ်လပ်ရေးတပ် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ကာ တိုက်ပွဲစတင်ခဲ့ပါသည်။
စစ်ကြောင်းထိုးလာသော စစ်အင်အားမှာ ၁၀၀ခန့်ရှိပြီး ၁နာရီကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းများထံမှ သိရပါသည်။
![](https://static.wixstatic.com/media/c187ce_91c27e7b4ef34fb380a5bf960ac6fa5f~mv2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_91c27e7b4ef34fb380a5bf960ac6fa5f~mv2.jpg)
ဒေသခံတစ်ဦး၏ ပြောပြချက်အရ စစ်ကောင်စီများက ယမန်နေ့ စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်းအချိန်တွင် မရှီတောင်ရပ်ကွက်၊ မြို့ဦးတောရ ဘုန်းကြီးကျောင်းနားတွင် တပ်စွဲထားသောကြောင့် ထုံးဘိုနှင့် စည်ပင်ရပ်ကွက်နေ ပြည်သူများကို တိမ်းရှောင်ရန် ကချင်လွတ်လပ်ရေးတပ် KIA ဘက်က သတိပေးထားသည်ဟု သိရပါသည်။
ထို့ကြောင့် မရှီတော်ရပ်ကွက်၊ အောင်မြေသစ်ရပ်ကွက်နှင့် စည်ပင်ရပ်ကွက်နေ ပြည်သူများက ဖားကန့်မြို့ရှိ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေကြရပါသည်။ သို့သော်လည်း ဖုန်း၊ အင်တာနက်အခက်အခဲများကြောင့် စစ်ဘေးရှောင်အရေအတွက်ကို တိတိကျကျမသိရသေးပေ။
စစ်ကောင်စီက ဩဂုတ်လ ၁၅ရက်နေ့တွင် ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနှင့် တောမှော်တပ်စခန်းကို လက်လွှတ်ခဲ့ရသောကြောင့် ဩဂုတ်လ ၂၃ရက်နေ့မှ စတင်ပြီး ရဟတ်ယာဉ်ဖြင့် စစ်အင်အားများဖြည့်ကာ ဩဂုတ်လကုန် နောက်ဆုံးအပတ်တွင် စစ်ရေးစတင်လှုပ်ရှားလာသည်။
KIAနှင့် ပူးပေါင်းတပ်များသည် မတ်လ ၂၇ရက်၊ ၂၀၂၄ခုနှစ်မှစတင်ပြီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများ စတင်လာကာ မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်ရှိ နန့်ယား၊ နန့်တိန်းအပါအဝင် ဝှေခါ၊ ဆယ်ဇင်း၊ တာမခံအပါအဝင် ဩဂုတ်လတွင် လမောင်ကုန်းစခန်းနှင့် တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါသည်။
Comments